Sunday, May 31, 2015

ပအို့ဝ်တိုင်းရင်းသားကျေးရွာများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် PNO အဖွဲ့ မကျေနပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာသို့ မေလ ၁၉ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။
“ရှမ်းအဖွဲ့တွေ ရွာကိုရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်တယ်၊ ပြီးတော့ ကျေးရွာအုပ်စုအတွင်းမှာရှိ တဲ့ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်၊ တစ်ရွာကို အသက် ၁၈ နှစ်နဲ့ ၅၀ ကြားမှာရှိတဲ့ ယောက်ကျားတိုင်း လူသစ်အဖြစ်ဝင်ရောက်ရမယ်၊ မဝင်ဘူးဆိုရင် ရွာထဲအထိ လာဖမ်းမယ်လို့ ခြိမ်းခြောက် ပြောဆိုသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရပ်မိရပ်ဖတစ်ဦးမှပြောသည်။

အဆိုပါရှမ်းဖွဲ့သည် ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူ၍ လူသစ်မဖြစ်မနေပေးဆောင်ရမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရ သည်။
“အရင်တုန်းကတော့ လာမစုဖူးဘူးဗျ၊ ကျွန်တော်တို့က သူတို့ရှမ်းအဖွဲ့မပြောနဲ့ PNO အဖွဲ့တောင် ဒေသခံ ရွာတွေကို လူသစ်လာမစုဘူး၊ ဘာကြောင့် သူတို့ ရှမ်းအဖွဲ့ထဲ ဝင်ရမှာလဲ။ သူတို့ထဲမဝင်ချင်လို့ ရွာကနေ ထွက်လာတာ”ဟု ဟိုးပုံးမြို့ကိုရောက်ရှိနေတဲ့ လိုက်ခါးရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ရှမ်းအဖွဲ့မှ ပိန်းဆည်ကျေးရွာအုပ်စုအတွင်း လူသစ်လိုက်လံစုဆောင်းမှုကြောင့် ဒေသခံပအို့ဝ် ရွာသား များမှာ နီးစပ်ရာမြို့များနှင့် ဆွေးမျိုးများရှိရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။

RCSS/SSA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ပအို့ဝ်ကျေးရွာများသို့ ဝင်ရောက်၍ လူသစ်များစုဆောင်းမှုကြောင့် ဒေသခံရွာသားများ မှာ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး PNO အဖွဲ့မှလည်း ပြည်နယ်အတွင်းရှိ တာဝန်ရှိသူများနှင့် နိုင်ငံတော်အကြီးအကဲများသို့ အဆိုပါကိစ္စရပ်များအား တင်ပြကာ ကန့်ကွက်စာများပေးပို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့ရှိ ပအို့ဝ်ဌာနေပြည်သူစစ် ပြောခွင့်ရပုဂ္ဂိုလ်မှ ပြောကြားသွား သည်။
ခွန်နောင်
Shan News

No comments:

Post a Comment