Monday, June 8, 2015

မားစ်ရောဂါ ကူးစက်မှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက်လာမည်ကို တောင်ကိုရီးယား စိုးရိမ်

မားစ်ရောဂါပိုး ကူးစက် ပျံ့နှံ့နေမှုများကြောင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို သက်ရောက်မှု ကြီးမားစွာ ထိခိုက်လာမည်ကို တောင်ကိုရီးယား အစိုးရက စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။
 အရှေ့အလယ်ပိုင်းဒေသမှ စတင်ကူးစက်လာသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် လတ်တလောတွင် တောင်ကိုရီးယား လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေပြီး ဆိုးလ်မြို့တော်သို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွား အများအပြားသည်လည်း ၎င်းတို့၏ ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသည်။

ထိုကဲ့သို့ ရိုက်ခတ်မှုမျိုးသည် လျင်မြန်စွာ ကြီးထွားလာပြီး နိုင်ငံ၏ စီးပွားရေးအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ဝန်ခံ ပြောကြားခဲ့သည်။ “မားစ်ရောဂါပိုး ပျံ့နှံ့ကူးစက်မှုဟာ ပြည်တွင်း စီးပွားရေးအတွက် အနုတ်လက္ခဏာဆန်ဆန် ရိုက်ခတ်လာမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်လုပ်မှု ကဏ္ဍတွေမှာပေါ့”ဟု ဘဏ္ဍာရေးဝန်ကြီး ချွိုင်ကျုံဟွမ်က ဆိုသည်။
၎င်းက “ကျွန်တော်တို့ အနေနဲ့ စီးပွားရေး ကဏ္ဍမှာ မားစ်ရောဂါ ကူးစက်မှုရဲ့ သက်ရောက်မှုကို တုံ့ပြန်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်ရပါမယ်။ ဒီအတွက် မှန်ကန်တိကျတဲ့ အခြေအနေမှာ သင့်တော်တဲ့ အသုံးစရိတ်မျိုး သုံးစွဲဖို့ လိုပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ စီးပွားရေး အရှိန်ကို ပြန်လည် မြှင့်တင်ရန်အတွက် ဝန်ကြီးဌာန အနေဖြင့် သေချာပေါက် ဘတ်ဂျတ်တောင်းခံမှုတစ်ခု ပြုလုပ်ရန် ရှိ၊ မရှိ ဆိုသည်ကိုမူ ၎င်းက အတည်ပြုချက် မပေးခဲ့ချေ။
ဇွန်လ ၈ ရက်တွင် တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း မားစ်ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂၃ ဦးကို တွေ့ရှိခဲ့ပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၈၇ ဦးထိ ရှိလာပြီဟု ကြေညာခဲ့သည်။ အဆိုပါ အခြေအနေကြောင့် တောင်ကိုရီးယားသည် ဆော်ဒီအာရေးဗီးယားပြီးလျှင် မားစ်ရောဂါ၏ ဒဏ်ကို ဒုတိယ အဆိုးရွားဆုံး ခံစားရသည့် နိုင်ငံဖြစ်လာသည်။ တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ ၆ ဦးထိ ရှိလာပြီဟုလည်း သိရှိရသည်။
CNA

No comments:

Post a Comment