Monday, June 1, 2015

ကျောက်ကုန်သည်တစ်ဦး ကျပ်သိန်းသောင်းချီ လိမ်လည်တိမ်းရှောင်

 တရုတ်-မြန်မာနယ်စပ်ရွှေလီမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျောက်မျက်ကုန်သည်အမျိုးသမီးတစ်ဦးက ကျပ်သိန်းသောင်းချီ တန်ဖိုးရှိသည့် ကျောက်မျက်များ လိမ်လည်တိမ်းရှောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေလီမြို့ကျောက်မျက်ဈေးရှိ ဆိုင်ခန်းပိုင်ရှင် ကျောက်ကုန်သည်အမျိုးသမီးတစ်ဦးက မြန်မာကျောက်ကုန်သည်များထံမှ ကျပ်သိန်းသောင်းချီတန်ဖိုးရှိသည့် ကျောက်စိမ်းကျောက်မျက်များ ၀ယ်ယူပြီး ငွေမချေဘဲ တိမ်းရှောင်ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ငွေကြေးလိမ်လည်ခံရသူများနှင့် နီးစပ်သည့် မန္တလေးမြို့ခံကျောက်ကုန်သည်အချို့က ပြောသည်။
‘‘ပွဲစားအမျိုးသမီးတစ်ယောက်က လိမ်သွားတယ်လို့ ကြားတယ်။ ဦးတို့မိတ်ဆွေကုန်သည်တစ်ယောက်တော့ အပွင့်ထည်တွေပေါ့။ သိန်း ၃,၀၀၀ ဖိုးလောက် ပါသွားတယ်လို့ ပြောတယ်။ ကုန်သည်ဘယ်နှဦးစီက  သိန်းဘယ်လောက်ပါသွားတယ် ဆိုတာတော့ အတိအကျမသိရ သေးဘူး’’ဟု မန္တလေးမြို့မှ ကျောက်ကုန်သည် ဦးဇော်ဇော်က ပြော ကြားသည်။

ကျောက်ကုန်သည်တစ်ဦးထံမှ ကျပ်သိန်း ၆,၀၀၀ ကျော်ဖိုး လိမ်လည်သွားကာ ထွက်ပေါ်နေသည့် သတင်းများအရ ကျပ်သိန်း နှစ်သောင်းခန့် ပမာဏထိ ရှိနိုင်သည်ဟု မန္တလေးကျောက်ဝိုင်းမှ ကုန်သည်အချို့က ခန့်မှန်းသည်။ မြန်မာအမည်ပေါက် တရုတ်အမျိုးသမီးတစ်ဦးက ၎င်း၏ တူမနှင့် ပေါင်းကာ ကျောက်ဖိုးငွေများ ပေးချေခြင်းမရှိဘဲ တိမ်းရှောင်ထွက်ပြေးသွားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်းကျောက်မျက်အချောထည် ဈေးကွက်မရှိဘဲ ပြည်တွင်းကုန်သည်များအနေဖြင့် အရည်အသွေးကောင်း တန်းဖိုးမြင့် ကျောက်စိမ်းကျောက်မျက်များကို ပြည်ပသို့ တင်ပို့ရောင်းချနေရသည်။ မြန်မာ့ကျောက်စိမ်းအချောထည်လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချခြင်းဖြစ်ပြီး အများစုကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျောက်မျက် ဈေးများတွင် ရောင်းချခြင်း ဖြစ်သည်။ ရွှေလီကျောက်ဈေးကွက်တွင် ယခုကဲ့သို့ ငွေကြေးပမာဏ များများ လိမ်လည်မှုမှာ ဖြစ်တောင့်ဖြစ်ခဲဟု မန္တလေးမြို့ခံကျောက်ကုန်သည်အချို့က ပြောသည်။

‘‘တရုတ်ဘက်မှာက အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ လုပ်နေတယ်။ ပြီးတော့ ကျောက်သမားတွေကို တရုတ်အစိုးရက အရင်လို ငွေချေးမပေးတော့ ကျောက်ကုန်သည်တွေကြားမှာ ငွေကြေးအရ အခက်အခဲဖြစ်နေတယ်။ ဒီလိုအချိန်မှာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငွေလိမ်တာတွေ ဖြစ်နိုင်တယ်’’ဟု ဦးဇော် ဇော်က ပြောသည်။

ပြည်တွင်းကျောက်မျက်ဈေးကွက် စံချိန်တင်အရောင်းအ၀ယ်အေးနေပြီး လတ်တလောရွှေလီမြို့တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့်  ပြည်တွင်းကျောက်မျက်အရောင်းအ၀ယ်ဈေးကွက်ပေါ် ထိခိုက်မှုရှိလာမည်ကို စိုးရိမ်ကြောင်း မန္တလေးမြို့ခံ ကျောက်ကုန်သည် အချို့က ပြောကြားသည်။
7 day

No comments:

Post a Comment