Monday, June 1, 2015

ဦးသိန်းစိန် အစိုးရလက်ထက် သင်္ကြန်အမြောက်သံများ


ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဟန်ရေးသာပြနေသော်လည်း လက်တွေ့မလုပ်ဖြစ်သည့် ထင်ရှားသည့် သာဓကများထဲတွင် အခြေခံဥပဒေပြင်ဆင်ရေးသည် ထိပ်ဆုံးမှပါဝင်နေသည်/ဓာတ်ပုံ− နစ်ကီ
အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် လအနည်းငယ်သာလိုတော့သည်။ မြန်မာ့နွေဦးကတော့ မြူမစင်တိမ်မကင်းနှင့် ကုန်ဆုံးလွန်မြောက်တော့မည် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် စစ်ရိပ်မပြယ်သေးသည့် အရပ်သားတစ်ပိုင်း အစိုးရ၏ ငါးနှစ်သက်တမ်းသည် ရွေးကောက်ပွဲကျင်းပပြီးနောက်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။


မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော် သေနတ်ချိန်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်အစိုးရက သူတို့ကိုယ်တိုင်ပင် ဦးဆောင်ဦးရွက်ပြုကာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို စတင်ခဲ့သည်။ ယခင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ စစ်စိမ်းယူနီဖောင်းကြီးများကိုချွတ်ကာ ပုဆိုးပြောင်းဝတ်၍ ဦးဘွဲ့ခံ ၀န်ကြီးများ ဖြစ်လာကြသည်။ ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်ကြီးများအနက် သဘောထားအပျော့ပျောင်းဆုံးနှင့် သန့်ရှင်းမှုအရှိဆုံးဟု ယူဆရသူ ဗိုလ်ချုပ်ကြီးသိန်းစိန်က သမ္မတကြီးဦးသိန်းစိန် ဖြစ်လာခဲ့သည်။

ပါးစပ်ကတော့ ဒီမိုကရေစီဆိုသည့် စကားလုံးကို ဥုံခံမရွတ်ရုံတမည် မပြတ်ပြောနေကြသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မြန်မာ့အပြောင်းအလဲအပေါ်တွင် သံသယစိတ်ဖြင့် စောင့်ကြည့်နေကြသည်။ ထိုအချိန်တွင်  သမ္မတဦးသိန်းစိန်၏ လုပ်ရပ်အချို့ကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်းနေပြည်သူများပါ ပြောင်းလဲမှုက စစ်မှန်သယောင် ထင်မှတ်လာကြသည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနောက်ပိုင်းတွင်တော့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲဆွဲသွင်းခြင်းဖြင့် လက်ခုပ်သံ အရှိန်ပိုမိုမြင့်မားခဲ့သည်။ ထိုအချိန်ထိတော့ မြန်မာ့နွေဦးသည် အဖူးအညွန့်တဝေေ၀ ဖြစ်လာမည့် အရိပ်အယောင်များ လွှမ်းနေခဲ့သည်။ နိုင်ငံတကာကလည်း မြန်မာ့အပြောင်းအလဲသည် အမှန်တကယ်ဖြစ်လာနိုင်သည်ဟု ယူဆကာ ယခင်က ဖဲကြဉ်ထားခဲ့သမျှ အတိုးချကာ အရောဝင်လာခဲ့သည်။

အစိုးရသက်တမ်းတစ်လျှောက်တွင် လုပ်မည်၊ လုပ်တော့မည်၊ လုပ်ခါနီးပြီဟူ၍ သတင်းများထွက်ခဲ့ပြီးမှ မလုပ်ဖြစ်ခဲ့သည့် နိုင်ငံရေးဖြစ်ရပ်များလည်းရှိသည်။ အဆိုပါဖြစ်ရပ်များ လုပ်တော့မည်ဆိုသည့်အချိန်က ပြည်သူများ၏ ပါးစပ်ဖျားတွင် ယင်းအကြောင်းအရာများနှင့် ပဲ့တင်ထပ်လျက်ရှိသော်လည်း တကယ်တမ်းနီးကပ်လာချိန်တွင် အကြောင်းအမျိုးမျိုးဖြင့် ဖျက်ပစ်လိုက်သည်။

ထိုဖြစ်ရပ်များအနက် အထင်ရှားဆုံးဖြစ်ရပ်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်၊ ပြင်ဆင်တော့မည်၊ ပြင်ဆင်ရန် ပြင်ဆင်နေပြီဟုဆိုကာ အချိန်များစွာဆွဲထားခဲ့ခြင်းပင် ဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်မည်ဟူသည့် ဂါထာကို ထုံမွမ်းကာ လွှတ်တော်ထဲဝင်လာသည့် ဒေါ်အောင်ဆန်းစုကြည်ထက် အလျင်ဦးစွာ အခြေခံဥပဒေပြင်ရန် ပြည်ခိုင်ဖြိုးပါတီက အဆိုတင်သွင်းခဲ့သည်။ ထို့နောက်တွင်တော့ ပြင်ဆင်ရန် ကော်မတီများဖွဲ့ခြင်းဖြင့် ဟန်ရေးများ ပြလာလာခဲ့သည်မှာ နှစ်ပေါက်ခဲ့ပြီဖြစ်သော်လည်း ပြင်ဆင်ရန် အရိပ်အယောင်မျှပင် မမြင်ရသေးချေ။

အလားတူ အခြားဖြစ်ရပ်တစ်ခုမှာ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်(ပီအာရ်)ကျင့်သုံးတော့မည်ဟုဆိုကာ လွှတ်တော်တွင် အဆိုများတင်သွင်းခြင်း၊ ဆွေးနွေးကြခြင်း၊ ဆုံးဖြတ်ကြခြင်းဖြင့် အချိန်များစွာပေး၍ ဆောင်ရွက်ခဲ့ကြသည်။

လူထုက ပီအာရ်စနစ်အား ကြိုက်နှစ်သက်မှုမရှိသည်ကို သိလျက်နှင့် ပီအာရ်စနစ်ကျင့်သုံးရန် လွှတ်တော်အစည်းအဝေးများတွင် အကြိတ်အနယ်ဆွေးနွေး၍ အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် တကယ်တမ်း ရွေးကောက်ပွဲပြုလုပ်ရန် ခြောက်လခန့်သာလိုတော့သောအချိန်တွင်  ရွေးကောက်ပွဲကော်မရှင်အား အချိန်မီတင်ပြခြင်းမရှိသဖြင့် ကော်မရှင်က လာမည့်ရွေးကောက်ပွဲအမီ ကျင့်သုံးနိုင်ရန် စီစဉ်ပေးခြင်းမရှိဟုဆိုကာ ပီအာရ်စနစ်ကျင့်သုံးမည့် အစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

အလားတူ အခြေခံဥပဒေပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်း အရပ်သားကိုယ်စားလှယ်အရေအတွက် ဖွဲ့စည်းပုံအပြည့်ရှိရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၁၄ အတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ထပ်မံကျင်းပပေးမည်ဟု တိုင်းသိပြည်သိကြေညာခဲ့သော်လည်း တကယ်တမ်းကျင်းပမည့် အချိန်နီးကပ်လာချိန်၌ မကျင်းပဖြစ်တော့ခြင်းတို့မှာ ထင်ရှားသည့် သာဓကများပင်။

‘‘ကျွန်တော့်အမြင်မှာတော့ အဲဒီလုပ်မယ်ဆိုပြီး မလုပ်ဖြစ်ခဲ့တာတွေက ဒီအစိုးရကိုယ်တိုင်လည်း သူတို့စိတ်တိုင်းကျဖန်တီးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ သူတို့ဖြစ်ချင်သလို ရပ်တည်လို့မရဖြစ်နေတာကို သက်သေပြနေတယ်လို့ ယူဆပါတယ်’’ဟု မလုပ်ဖြစ်ခဲ့ခြင်းများနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာအောင်ဒင်ကပြောသည်။

ယခုကဲ့သို့ မလုပ်ဖြစ်ခဲ့ခြင်းများသည် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးလှည့်ကွက်များအနက် တစ်ခုပင်ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများကလည်း သုံးသပ်ပြောကြားသည်။

အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း ရက်ပေါင်း ၈၀ သာ ကျော်လာခဲ့သော်လည်း ပြင်ဆင်မှုမရှိသေးခြင်း၊ တွေ့ဆုံဆွေးနွေးမှုများတွင်လည်း အပွင့်အရေအတွက်များ အမျိုးမျိုးပြောင်းနေခြင်း၊ တကယ်တမ်း တောင်းဆိုထားသည့် ခြောက်ပွင့်ဆိုင်သည်လည်း တစ်ကြိမ်သာ တွေ့ရသေးခြင်းများသည် နိုင်ငံရေးလှည့်ကွက်များပင်ဖြစ်သည်ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

‘‘၂၀၀၈ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မလုပ်ခင်ကတည်းက သီးသန့် Road Map ရှိပုံရတယ်။ ၂၀၁၀ နောက်ပိုင်းမှာ အစဉ်လိုက်ဖြစ်လာမှုတွေက စနစ်တကျပြင်ဆင်ပြီး လုပ်ခဲ့တာ။ လက်ရှိအထိလည်း နိုင်ငံရေးမှာ ထိန်းကျောင်းနိုင်ဖို့ နိုင်ငံရေးလှည့်စားမှုပေါင်းစုံ လုပ်နေတယ်’’ဟု ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ဖွဲ့စည်းပုံ၏ အကျပ်အတည်းကလည်း လက်ရှိအစိုးရ၏ လုပ်ရပ်များကို လိုသလို ပုံမဖော်နိုင်ဖြစ်နေခြင်းနှင့် ပတ်သက်၍ ‘‘ဒါကြောင့်ပြောနိုင်တာက ၂၀၀၈ ဖွဲ့စည်းပုံဟာ ကျွန်တော်တို့အတွက် ဒီမိုကရေစီမကျသလို အာဏာရပါတီအတွက်လည်း ရေရှည်အာဏာတည်တံ့ရေးအတွက် ရာနှုန်းပြည့်အားထားရတဲ့ ဖွဲ့စည်းပုံမဟုတ်ပြန်ပါ။ အဲဒီလို လုပ်မယ်ပြောပြီး မလုပ်နိုင်ခဲ့တာတွေဟာ လူထုကိုအာရုံလွှဲတာလို့ ကျွန်တော်မယူဆဘဲ အာဏာရပါတီကိုယ်တိုင်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ အကျပ်အတည်းဖြစ်နေတာကို သက်သေပြတယ်လို့ ကျွန်တော်ယူဆပါတယ်’’ဟု စာရေးဆရာအောင်ဒင်ကပြောသည်။

လက်ရှိအစိုးရ၏ လုပ်ရပ်များသည် နိုင်ငံရေးလှည့်ကွက်များ သုံးနေခြင်းလား၊ ၎င်းတို့ကိုယ်တိုင်ပင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းလားဆိုသည်ကိုမူ ကာယကံရှင်များကသာ အသိဆုံးဖြစ်ပေလိမ့်မည်။
သီဟ 7 day

No comments:

Post a Comment