Wednesday, August 12, 2015

မတရားဖမ်းဆီးမှုဖြင့် လက်ပံတန်းမြို့နယ်ရဲမှူးနှင့် စခန်းမှူးကိုအရေးယူရန်လျှောက်ထားချက် ပယ်ချခံရ

မတရား ဖမ်းဆီးချုပ်နှောင်မှုဖြင့် လက်ပံတန်းမြို့ နယ် ရဲမှူးနှင့် စခန်းမှူးကို အရေးယူပေးရန် လျှောက်ထားချက်အား ၎င်းတို့သည် ပြန်တမ်းဝင်ပြည်သူ့ဝန် ထမ်းများဖြစ်၍ သမ္မတ၏ ခွင့်ပြုချက်မရဘဲ တရားစွဲဆိုခွင့်မရှိဟု ဆိုကာ သာယာဝတီမြို့နယ် တရားရုံးက ပယ်ချလိုက်သည်။

လက်ပံတန်းမြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နှင့် မြို့နယ်ရဲ စခန်းမှူး ဒုရဲမှူးစန်းမြင့်တို့သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ (၁)အရ သမ္မတက တိုက်ရိုက် ခန့်အပ်ထားသော ပြန်တမ်းဝင် ပြည်သူ့ဝန်ထမ်းများဖြစ်၍ တာ ၀န်ထမ်းဆောင်စဉ်ကာလအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများကို သမ္မတ၏ ခွင့်ပြုချက်မရဘဲ မည်သည့် တရားရုံးကမျှ တရားစွဲဆိုခွင့်မရှိ သောကြောင့် အဆိုပါတရားစွဲဆို မှုကို ပလပ်ကြောင်း သာယာဝတီ မြို့နယ် တရားသူကြီးက သြဂုတ် ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်။

‘‘ကျွန်တော်တို့နားလည်တဲ့အပိုင်းက မတရားဖမ်းဆီးချုပ်နှောင်မှုမြောက်တယ်၊ မမြောက်ဘူးဆိုတာ အရင်ဆုံးသုံးသပ်ဆုံးဖြတ်ပေးသင့်တယ်။ အဲဒါပြီးမှ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ (၁) အရ အရေးယူဆောင်ရွက်မှုအ ပိုင်းကို လုပ်ရမှာ။ မြို့နယ်ရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အခုကာ ယကံရှင်ကလေးတွေနဲ့ ညှိနှိုင်းပြီး တော့ ခရိုင်ရုံးကို ပြင်ဆင်မှုတင် သွင်းဖို့ ပြင်ဆင်နေပါတယ်’’ဟု ကျောင်းသားများအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြော ကြားသည်။

တရားလို လက်ပံတန်းမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နှင့် မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးစန်းမြင့် တို့ကို သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများအား အမှု မဖွင့်ဘဲ ဖမ်းဆီးထားခြင်းနှင့် အ သက်မပြည့်သူများအား တရားစွဲ ဆိုခြင်းနှင့် ပတ်သက်၍ မတရား ဖမ်းဆီးချုပ်နှောင်မှုဖြင့် အရေးယူ ပေးရန် တရားခံရှေ့နေ ဦးရော ဘတ်စန်းအောင်က သာယာဝတီ မြို့နယ် တရားသူကြီးထံသို့ ဇူလိုင်၂၈ ရက်တွင် လျှောက်လွှာတင်ခဲ့ ခြင်း ဖြစ်သည်။

‘‘ဒီနေ့လျှောက်တဲ့ကိစ္စကို ပယ်ချမယ်ဆိုတာ သိပါတယ်။ ဘာကြောင့် ပယ်ချလဲဆိုတဲ့ အ ချက်ကို အများပြည်သူရှေ့မှာ ဥပဒေကြောင်းအရ အကြောင်းခိုင်လုံရဲ့လားလို့ သိစေချင်လို့ တရား စွဲဆိုဖို့ တင်တာပါ။ ကျွန်တော်တို့ အကျိုးဆောင်ရှေ့နေတွေက ခရိုင်ကို တက်စေချင်တယ်။ ခရိုင်ကို တက်လိုက်ရင် အမှုတွဲပါပါသွား မှာဖြစ်တဲ့အတွက် ရုံးချိန်း နှစ်ပတ် တစ်ခါချိန်းတာကို ကျန်တဲ့ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေရဲ့ သဘောထားတာကို မေးမယ်။ သဘောတူတယ်ဆိုရင် ခရိုင်ကို တင်ပါမယ်’’ဟု ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောကြားသည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများကို သြဂုတ် ၁၁ ရက်တွင် ၁၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးသည့် ရုံးချိန်း၌တရားလို လက်ပံတန်းမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး ဖုန်းမြင့်အား တရားခံရှေ့နေများက စစ်မေးခဲ့ပြီးနောက်သြဂုတ် ၁၈ ရက်သို့ ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။

အာမခံရရှိရန် လျှောက်ထား ခဲ့သည့် သပိတ်မှောက်ကျောင်း သားနှင့် ၀န်းရံပြည်သူ ၁၀ ဦးကို အချက်အလက် မပြည့်စုံသောကြောင့် သာယာဝတီမြို့နယ် တရားသူကြီးက အာမခံပယ်ချခဲ့ကြောင်း တရားခံရှေ့နေ ဦးရောဘတ်စန်း အောင်က ပြောကြားသည်။

အင်္ဂါနေ့ရုံးချိန်းတွင် သာယာ ၀တီထောင်အတွင်း ဖမ်းဆီးထား သည့် သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများ စုပေါင်း၍ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရေ ဘေးသင့်ဒေသများရှိ ကျွဲ၊ နွားများအတွက် အစာဖိုးငွေကျပ်တစ် သိန်းလှူဒါန်းခဲ့သည်။

အဆိုပါရုံးချိန်းပြုလုပ်သည့် သာယာဝတီမြို့နယ်တရားရုံးသို့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ သံရုံး (EU) မှ လူ့အခွင့်အရေးအ ရာရှိ Kristian Moller Danielsen လာရောက်ခဲ့ပြီး ရုံးထုတ်စစ်ဆေး မှုကို လေ့လာခဲ့သည်။

အမျိုးသားပညာရေးဥပဒေ အား ကန့်ကွက်သည့် သပိတ် စစ်ကြောင်းကို လက်ပံတန်းမြို့ နယ်၌ မတ်လ ၁၀ ရက်တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျောင်းသားနှင့် ၀န်းရံပြည်သူများအား သာယာဝတီထောင်တွင် ဖမ်းဆီးထားခဲ့သည်။

No comments:

Post a Comment