Tuesday, August 18, 2015

တီယန်ကျင်းတွင် နေအိမ် အဆောက်အအုံ ဆုံးရှုံးသူများက နစ်နာကြေး ရရှိရန် ဆန္ဒပြတောင်းဆို


တရုတ်နိုင်ငံတွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးများ ဖြစ်ပွားခဲ့ရာ တီယန်ကျင်းမြို့၌ နေအိမ် အဆောက်အအုံများ ပျက်စီး ဆုံးရှုံးခဲ့သူများက နစ်နာကြေးပေးရန် စီတန်းလှည့်လည် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၂ ရက်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဆိပ်ကမ်းမြို့တွင် အန္တရာယ်ရှိသည့် ဓာတုဗေဒ ပစ္စည်းများ လွှဲပြောင်းတင်ပို့ရာ ကုမ္ပဏီတစ်ခု ပိုင်ဆိုင်သော ကုန်လှောင်ရုံများ ပြင်းထန်စွာ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၁၄ ဦးထက်မနည်း သေဆုံးပြီး မီးသတ်သမား အများစု အပါအဝင် ၇၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုကြီးများကြောင့် လူပေါင်း ၇၀၀ ကျော် ဆေးရုံတက် ကုသမှု ခံယူနေရပြီး အနီးအနားတွင် နေထိုင်သည့် ဒေသခံ ၆၀၀၀ ကျော်မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။ ပေါက်ကွဲမှုနှင့် နောက်ဆက်တွဲ ရိုက်ခတ်မှု အရှိန်တို့ကြောင့် နေအိမ်ပေါင်း ၁၇၀၀၀ ကျော်လည်း ထိခိုက် ပျက်စီးခဲ့သည်။ ထို့အပြင် ဆိပ်ကမ်းတွင် ရပ်ထားသည့် မော်တော်ကားအသစ် အများအပြားလည်း မီးလောင်ကျွမ်းသွားခဲ့သည်။

ဩဂုတ် ၁၇ ရက်မှ စတင်ကာ တီယန်ကျင်း ဒေသခံ အများအပြားသည် Mayfair ဟိုတယ်ရှေ့တွင် စုရုံးပြီး အစိုးရက မိမိတို့အတွက် နစ်နာကြေး ပေးချေရန် တောင်းဆို ဆန္ဒပြခဲ့သည်။ ၎င်းတို့က မိမိတို့၏ နေအိမ်များ အနီးတွင် အန္တရာယ်ရှိသည့် ဓာတုပစ္စည်း ဂိုဒေါင်များ လာရောက်ထားရှိခြင်းကို အစိုးရက စိစစ်ကန့်သတ်ပေးခြင်း မရှိခဲ့ဟု ဆိုသည်။ အဆိုပါ ဂိုဒေါင်များထဲတွင် ဆိုဒီယမ် ဆိုင်ယာနိုက်ဒ်များ သိုလှောင်ထားပြီး ယင်းပစ္စည်းများကြောင့် ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

လက်ရှိအချိန်ထိ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ ကနဦးအဆင့် စစ်ဆေးမှုများတွင် ဂိုဒေါင်၌ လုံခြုံရေး စံနှုန်းသတ်မှတ်ချက်များအတိုင်း လိုက်နာ စီစဉ်ထားမှု လုံးဝ မရှိကြောင်း အာဏာပိုင်များက ထုတ်ဖော် ပြောဆိုထားသည်။

နောက်ထပ် ပေါက်ကွဲမှုများ ဖြစ်ပွားနိုင်သည့် ခြိမ်းခြောက်မှုများကြောင့် အနီးတဝိုက်တွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရာ မကျေနပ်သူများက Mayfair ဟိုတယ်သို့ စုရုံးလာခြင်း ဖြစ်သည်။ အာဏာပိုင်များသည် အဆိုပါ ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်လေ့ ရှိသည်။

ဆန္ဒပြသူများက မိမိတို့၏ ပျက်စီးဆုံးရှုံးမှုအတွက် အစိုးရက လျော်ကြေးပေးရန်နှင့် လက်ရှိ ပိတ်ဆို့တားမြစ်ထားသည့် နေရာများကို အမြန်ဆုံး ပြန်လည် ရှင်းလင်းပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ ကုန်လှောင်ဂိုဒေါင်များတွင် ဆိုဒီယမ် ဆိုင်ယာနိုက်ဒ် တန်ချိန် ရာပေါင်းများစွာ သိုလှောင်ထားပြီး တရားဝင် ခွင့်ပြုထားသည့် ပမာဏထက် များစွာပိုကြောင်း သိရသည်။ ထို့အပြင် လူနေအိမ်ခြေများနှင့် အနည်းဆုံး မီတာ ၅၀၀ ကွာဝေးရမည်ဆိုသည့် သတ်မှတ်ချက်ကိုလည်း မျက်ကွယ်ပြုထားကြောင်း သတင်းများက ဖော်ပြသွားသည်။

_Ref: Fox

No comments:

Post a Comment