Sunday, September 20, 2015

အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ချုပ်ရမည့်ကာလ အချိန်ထပ်တိုး


 အလုပ်ရှင်၊ အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရမည့် အချိန်ကာလကို အောက်တိုဘာအထိ ထပ်မံခွင့်ပြု ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးနောက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်ခန့်ထားပြီး ရက်ပေါင်း ၃၀ အတွင်း အပြီးချုပ်ဆိုသွားရန် သတ်မှတ်ထားသော်လည်း    ညှိနှိုင်းမှုများပြုလုပ်ရန် အချိန်လိုအပ် သည့်အတွက် အောက်တိုဘာ တစ်လအချိန်ထပ်ပေးမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။


‘‘စက်တင်ဘာတစ်လတည်း နဲ့ မလုံလောက်လို့ အောက်တို ဘာကိုပါ ညှိနှိုင်းမှုတွေပိုမိုပြုလုပ် ပြီး စာချုပ်ချုပ်ဆိုနိုင်အောင် ပြင် ဆင်ချိန်အဖြစ် အချိန်ထပ်ပေး မှာပါ။ အဲဒီအတောအတွင်း မပြီးပြတ်ရင် မပြီးပြတ်တဲ့စက်ရုံ၊ အလုပ်ရုံတွေကို ဘာကြောင့်ပြီး ပြတ်အောင်လုပ်၊ မလုပ်နိုင်လဲဆို တာ ခေါ်မေးမယ်။ နောက်ပိုင်း ဥပဒေပါအတိုင်း လုပ်စရာရှိတာ တွေဆက်လုပ်သွားမယ်’’ဟု ၎င်း က ပြောသည်။

အနည်းဆုံးအခကြေးငွေကို ဩဂုတ် ၂၈ ရက်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် တစ်ရက်  လုပ်ခ ကျပ် ၃,၆၀၀ အဖြစ် အစိုး ရကအတည်ပြုထုတ်ပြန်ထား သည်။ ယင်းနှုန်းထားထုတ်ပြန်ပြီး နောက် စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်သား ၁၅ ဦးအောက်ရှိ မိသား စုတစ်နိုင်တစ်ပိုင်လုပ်ငန်းငယ် များအပါအဝင် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆို ရန် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အလုပ်သမားများ ၏ မူလအခွင့်အရေးများနှင့်ပတ် သက်၍ အလုပ်ရှင်၊ အလုပ်သမား အကြား သဘောထားကွဲလွဲမှုများ ရှိနေပြီး စက်ရုံအချို့၌ စာချုပ်ချုပ် ဆိုရန် ကြန့်ကြာနေမှုများဖြစ်ပေါ် ခဲ့သည်။

အဆိုပါစာချုပ်တွင် အလုပ် သမားများအတွက် ကြိုပို့ယာဉ် ကို စက်ရုံက တာဝန်ယူမည်ဟု တိကျစွာဖော်ပြထားခြင်း မရှိသောကြောင့် လက်ရှိကြို၊ ပို့ ယာဉ်စီစဉ်ပေးမှုရပ်ဆိုင်းသွားနိုင်သဖြင့် အ လုပ်ရှင်က တာဝန်ယူရမည်ဟု စာချုပ်တွင်ထည့်သွင်းရန်နှင့် အလုပ်ချိန်တွင် နားနေချိန်များပါ ပေါင်းထည့်ရန် တောင်းဆိုညှိနှိုင်းမှုများရှိနေသည်။

‘‘အချို့စက်ရုံတွေကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ စာချုပ်ချုပ်ပြီးကြ ပြီ။ အချို့က ညှိနှိုင်းမှုမပြတ်သေး ဘူး။ စာချုပ်မချုပ်သေးဘဲ ပြေပြေ လည်လည်နဲ့ အဆင်ပြေအောင် ဆက်လုပ်နေတဲ့ လုပ်ငန်းတွေ လည်းရှိတယ်။ နောက်ထပ်အချိန် ထပ်ပေးလိုက်တော့ သိပ်အလော တကြီးလုပ်စရာမလိုတော့တဲ့အ တွက် ကောင်းပါတယ်’’ဟု ရွှေ လင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံ များမှာ စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုး စားဆဲကာလဖြစ်၍ အရေအတွက်မည်မျှချုပ်ဆိုပြီးစီးပြီဆိုသည်ကို မသိရသေးကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

‘‘အမြန်ဆုံးစာချုပ်ချုပ်ဆိုနိုင် ရင်တော့ အလုပ်သမားတွေအ တွက် ခိုင်မာမှုပိုရှိနိုင်တာပေါ့။ ဒါပေမဲ့ အလုပ်ရှင်အတွက်လည်း အချိန်ယူရမှာဖြစ်တဲ့အတွက် နောက်တစ်လအချိန်ထပ်တိုးပေး တာကောင်းပါတယ်။ ကျွန်တော် တို့စက်ရုံလည်း ညှိတုန်းပါ’’ဟု လှိုင်သာယာစက်မှုဇုန်မှ အထည် ချုပ်အလုပ်သမားခေါင်းဆောင် ကိုအောင်နိုင်က ပြောသည်။

ထိုသို့ အလုပ်ခန့်ထားမှုဆိုင် ရာ စာချုပ်ချုပ်ဆိုရန် ကြန့်ကြာ နေခြင်းကြောင့် လကုန်ရက်၌ လခပေးချေရာတွင် အတည်ပြု ထားသော အနည်းဆုံးလုပ်ခ လစာနှုန်းဖြင့်ပေးချေမှုရှိ၊ မရှိနှင့် ပတ်သက်၍ အငြင်းပွားမှုများဖြစ် လာနိုင်သည်ဟု အလုပ်သမား အရေး ကူညီဆောင်ရွက်နေသူ များက ဆိုသည်။

‘‘အနည်းဆုံးလုပ်ခလစာအ တိုင်းပေး၊ မပေးဆိုတာ အလုပ် ရှင်တွေ တင်ပြလာတဲ့ လုပ်ခလစာ ပေးချေမူစာရင်းကနေ ကြည့်ပြီး စစ်ဆေးသွားလို့ရပါတယ်။ နောက် ပြီး အလုပ်သမားတွေကလည်း သတ်မှတ်နှုန်းအတိုင်းမရရင် ငြိမ် နေမှာမဟုတ်ဘူး။ အလုပ်သမား တွေရဲ့အသံနားထောင်ပြီးကြည့် မယ်’’ဟု ဦးမျိုးအောင်က ပြော သည်။

အလုပ်ရှင်အနေဖြင့် အလုပ် သမားကို အလုပ်တစ်ခုခုခန့်ထား ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူစာချုပ် ချုပ်ဆိုရမည်ဟု အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပြဋ္ဌာန်းထား သည်။

ထိုသို့သတ်မှတ်ကာလအ တွင်း စာချုပ်ချုပ်ဆိုရန်ပျက်ကွက် ပါက ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ယင်းဥပဒေ၌ဖော်ပြထားသည်။

ထို့အပြင် စာချုပ်ပါစည်း ကမ်းချက်ကို ဖောက်ဖျက်ပါက သုံးလထက်မပိုသောထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည် ဟု ဆက်လက်ပါရှိသည်။
7 day

No comments:

Post a Comment