Friday, October 9, 2015

တို့ဆေးဖြင့် လိမ်လည်ခေါ်ဆောင်ခံရသော ဆယ်တန်းကျောင်းသူကို လှိုင်မြို့နယ်တွင် ပြန်တွေ့

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာလ ၇ ရက်နေ့က ဆယ်တန်းကျောင်းသူတစ်ဦး ကျောင်းသို့ မရောက်လာသောကြောင့် အုပ်ထိန်းသူများထံ အကြောင်းကြားရာမှ လိုက်လံရှာဖွေခဲ့ရာ တို့ဆေးဖြင့် လိမ်လည်ခေါ်ဆောင်ခံရသော ယင်းကျောင်းသူကို လှိုင်မြို့နယ်ရှိ ဘုရင့်နောင်လမ်းဘေးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းထံမှ သိရှိရသည်။
“ဒီနှစ်ထဲ ကျောင်းသားတွေ ပျောက်ဆုံးနေမှု သတင်းတွေ ကြားသိနေရလို့ ကျောင်းမလာတဲ့ ကလေးကို မိဘတွေထံ ဖုန်းဆက်မေးရာကနေ ကလေးပျောက်မှန်း သိခဲ့ရတာ၊ ကျောင်းသူကို မိဘတွေကိုယ်တိုင် စာသင်ကျောင်းကို လာပို့ခဲ့တာ၊ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးနှစ်ယောက်က ကလေးမကို စာအုပ်သွားဝယ်ဖို့ လက်ကို တို့ဆေးတို့ပြီး ဆွဲခေါ်သွားတာ လိုက်ရှာရာက ဘုရင့်နောင် လမ်းဘေးက MMTM ဓာတ်ဆီဆိုင်နားမှာ ကျောင်းသူကို ပြန်တွေ့ခဲ့တယ် ” ဟု အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။

တို့ဆေးဖြင့် လိမ်လည်ခေါ်ဆောင်ခံရသော အသက် ၁၆ နှစ် အရွယ်ရှိ ဆယ်တန်းကျောင်းသူမှာ မိခင်ဖြစ်သူ အထက်တန်းပြ(အငြိမ်းစား) ဆရာမနှင့်အတူ စာသင်ကျောင်းသို့ အောက်တိုဘာလ ၇ ရက် နံနက် ၆ နာရီခွဲက ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် စာသင်ခန်းသို့ သွားစဉ် ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး နှစ်ဦးက လက်ဆွဲခေါ်ကာ အတူ လိုက်ခဲ့ရန် ခေါ်ဆောင်သွားရာမှ သတိမရတော့ဘဲ လိုက်ပါသွားကြောင်း၊ သတိရချိန်တွင် ဘုရင့်နောင်လမ်းဘေးရှိ ဓာတ်ဆီဆိုင်အနီးသို့ ရောက်ရှိနေသည်ကို သိရှိရကြောင်း ကျောင်းသူ၏ ပြောကြားချက်များကိုကိုးကား၍ မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ကျောင်းသူကို ကျောင်းဝင်းထဲဝင်ပြီး တို့ဆေးနဲ့ ခေါ်ဆောင်သွားတဲ့ အမျိုးသမီး နှစ်ယောက်ကို ဖြားယောင်း သွေးဆောင်မှု ပုဒ်မနဲ့ အမှုဖွင့်ပြီး စုံစမ်းရှာဖွေနေပါတယ်၊ ဒီလိုမျိုး ထပ်မဖြစ်ရအောင် စာသင်ကျောင်းတွေမှာ လုံခြုံရေး အစောင့်တွေထားပြီး လူစိမ်းအဝင်မခံစေဖို့ ကျောင်းတာဝန်ရှိသူတွေထံ သတင်းပေးပို့ထားတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် စာသင်ကျောင်းမှ ကျောင်းသူကျောင်းသားမှာ မကြာခဏ ပျောက်ဆုံးနေမှုကြောင့် အောက်တိုဘာလမှ စတင်ကာ ကျောင်းသားမိဘများနှင့် ကျောင်းတာဝန်ရှိသူများ တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ခိုင်းထားကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမလာဖြစ်ရင် မိဘတွေကိုယ်တိုင် ကျောင်းလာပြီး ခွင့်တိုင်ဖို့ရယ်၊ ကျောင်းပို့ကျောင်းကြိုကိုလည်း မိဘတွေကိုယ်တိုင် လာကြိုဖို့ မှာထားပါတယ်၊ ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် ကျောင်းသားတွေ ကျောင်းပျက်မှုကို ကိုယ်တိုင်စိစစ်ခိုင်းပြီး ဘာကြောင့် ကျောင်းပျက်ရတာလဲဆိုတာ သေချာသိရအောင် ကျောင်းသားမိဘတွေထံ ဖုန်းဆက်မေးသလို စာလည်းပေးပို့တာမျိုး ပြုလုပ်နေပါတယ် ” ဟု ကမာရွတ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှ အဋ္ဌမတန်းပြ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ စာသင်ကျောင်းများနှင့် ကျူရှင်များမှ အပြန်တွင် ပျောက်ဆုံးခဲ့သော ကျောင်းသားကျောင်းသူ ၅၅ ဦးထိ ရှိခဲ့ပြီး ၃၅ ဦးကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment