Friday, November 20, 2015

နယူးဇီလန်၏ နိုင်ငံတော်အလံသစ် ရွေးချယ်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ စတင်


နမူနာ လွှင့်တင်ပြသထားသည့် အလံဒီဇိုင်းသစ်များ။
နယူးဇီလန်၏ နိုင်ငံတော်အလံသစ် ရွေးချယ်သတ်မှတ်ရေးအတွက် နောက်ဆုံးအဆင့်မဲပေးမှုများ စတင်ပြုလုပ်နေပြီဟု သတင်းရရှိသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ခုကို နယူးဇီလန်တွင် ကျင်းပနေပြီး သတ်မှတ်ထားသည့် အလံဒီဇိုင်းသစ်ငါးမျိုးအနက် မဲအများဆုံးရရှိသည့် ဒီဇိုင်းကို နိုင်ငံတော်အလံသစ်အဖြစ် ရွေးချယ်သွားရန် စီစဉ်ထားသည်။

နယူးဇီလန်တွင် အလံဒီဇိုင်းသစ်အတွက် ပြိုင်ပွဲများပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်ဆန်ခါတင် ဒီဇိုင်းငါးခုကို ရွေးချယ်ခဲ့သည်။ ယခုအခါ အဆိုပါအလံများအနက်မှ အပြီးသတ်လူကြိုက်အများဆုံး တစ်ခုကို မဲပေးရွေးချယ်မည် ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် နောက်ထပ်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအသစ် ပြုလုပ်ပြီး လက်ရှိအသုံးပြုနေသည့် အလံအစားဒီဇိုင်းသစ်ကို အစားထိုးလိုခြင်း ရှိမရှိထပ်မံ မဲကောက်ခံမည် ဖြစ်သည်။

ဝန်ကြီးချုပ် ဂျွန်ကေးက လက်ရှိအသုံးပြုနေသည့် အလံသည် နယူးဇီလန်၏ ခေတ်သစ်လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုနိုင်တော့ကြောင်း ဆိုသည်။ ထို့အပြင် နယူးဇီလန်၏ လက်ရှိအလံက အိမ်နီးချင်းဩစတြေးလျ၏
အလံနှင့် အလွန်ဆင်တူနေကြောင်းလည်း ကေးက ထောက်ပြခဲ့သည်။

သို့သော်လည်း နယူးဇီလန်နိုင်ငံသားများထဲတွင် လက်ရှိအလံကို ဆက်လက်အသုံးပြုလိုသူ အများအပြားရှိနေဆဲဖြစ်သောကြောင့် ရွေးချယ်ခံရသည့် အလံဒီဇိုင်းသစ်သည် သေချာပေါက် နိုင်ငံတော်အလံ ဖြစ်လာရန် မသေချာသေးကြောင်း ၎င်းက ဝန်ခံခဲ့သည်။

အလံသစ် ရွေးချယ်ရေးအဖွဲ့သည် နိုင်ငံတစ်ဝန်းမှ အလံဒီဇိုင်းပေါင်း ၁၀၂၉၂ ခုကို လက်ခံရရှိခဲ့ပြီး ယင်းတို့အနက် အပြီးသတ် ဆန်ခါတင်လေးခုကို စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော်လည်း အလံဒီဇိုင်းများမှ ဆင်တူလွန်းနေပြီး ဖန်တီးမှုစွမ်းရည်အားနည်းကြောင်း ဝေဖန်မှုများ ကြုံခဲ့ရသည်။

ထို့နောက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၌ လှုပ်ရှားတောင်းဆိုမှုများ ပြုလုပ်လာပြီး Red Peak ဟု အမည်ပေးထားသည့် ဒီဇိုင်းတစ်ခုကိုပါ ဆန်ခါတင် အဆင့်တွင် ဖြည့်စွက်ထည့်သွင်းခဲ့ကြောင်း သိရသည်။

Ref: Xinhua

No comments:

Post a Comment