Tuesday, December 8, 2015

ဆီးရီးယားစစ်တပ်ကို မှားယွင်းဗုံးကြဲကြောင်း သတင်းများကို အမေရိကန် ငြင်းဆို

ဆီးရီးယားစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် အမေရိကန် တိုက်လေယာဉ်တစ်စီး။
မိမိတို့ မဟာမိတ်လေတပ်က ဆီးရီးယားစစ်စခန်းတစ်ခုကို မှားယွင်း ဗုံးကြဲမိကြောင်းသတင်းများကို အမေရိကန်အစိုးရက ငြင်းဆိုလိုက်သည်။
ဆီးရီးယားအစိုးရက အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)တို့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်လေတပ်က မိမိတို့၏စစ်စခန်းတစ်ခုကို မှားယွင်းဗုံးကြဲခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကြေညာခဲ့သည်။
နိုင်ငံ အရှေ့ပိုင်းရှိ ဒီယာအယ်လ်ဇောဒေသတွင် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ယခုလို မှားယွင်းတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဟု ဆီးရီးယားအစိုးရက စွပ်စွဲခဲ့သော်လည်း ဝါရှင်တန်ဖက်ကမူ ယင်းသတင်းဖော်ပြချက်များသည် အမှားသက်သက်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ဆီးရီးယားအရေး စောင့်ကြည့်သူများက ဒီယာအယ်လ်ဇောရှိ အေယက်ရှ်မြို့အနီးမှ ဆေကွာစစ်စခန်းကို စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ဆီးရီးယားတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များအပြင် ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာဆတ်၏ မဟာမိတ်ရုရှားနိုင်ငံကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ အထူးသဖြင့် ဒီယာအယ်လ်ဇောတွင် ရုရှား၏လေကြောင်းထိုးစစ်ဆင်နွှဲမှုများ ပြုလုပ်နေသည်။

အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက လတ်တလော စုံစမ်းမှုများအရ အဆိုပါတိုက်ခိုက်မှုကို ရုရှား၏ TU-22 ဗုံးကြဲလေယာဉ်တစ်စီးက ပြုလုပ်ခဲ့ခြင်းဟု တုံ့ပြန်ထားသည်။

အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ မဟာမိတ်တပ်ဖွဲ့များအတွက် သီးခြားခန့်အပ်ထားသည့် ကိုယ်စားလှယ် ဘရတ်မက်ဂါ့ခ်ကလည်း “ဆီးရီးယား စစ်စခန်း တိုက်ခိုက်ခံရမှုမှာ မဟာမိတ်လေတပ်က ပါဝင်ပတ်သက်တယ်ဆိုတဲ့ သတင်းတွေက မှားယွင်းပါတယ်”ဟု Twitterတွင် ရေးသားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်သည့် အရာရှိတစ်ဦးကလည်း မဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဆီးရီးယားစစ်တပ်ကို ပစ်မှတ်ထားလာနိုင်ကြောင်း စွပ်စွဲဝေဖန်မှုများကို အခြေအမြစ်မရှိဟု တုံ့ပြန် ငြင်းဆိုခဲ့သည်။ “ကျွန်တော်တို့က ဆီးရီးယားအစိုးရနဲ့ သဘောကွဲလွဲမှုတွေ ရှိတယ်ဆိုပေမယ့် အာဆတ်နဲ့ စစ်ဖြစ်နေတာ မဟုတ်ပါဘူး။ ဆီးရီးယားစစ်တပ်ကို ပစ်မှတ်ထားတိုက်ခိုက်စရာ ဘာအကြောင်းမှ မရှိဘူး။ ဒါပေမဲ့ ဒီဇင်ဘာ ၆ ရက်မှာ ရုရှားရဲ့ တာဝေးဗုံးကြဲလေယာဉ်တွေ ဆီးရီးယားမှာ လှုပ်ရှားနေတာကိုတော့ ကျွန်တော်တို့ သတိပြုမိပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သည့် မဟာမိတ်လေတပ်များသည် ဆီးရီးယားလေပိုင်နက်ထဲ ဝင်ရောက်ကာ အိုင်အက်စ်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်သည့်စစ်ဆင်ရေးကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာတွင် အစပြုခဲ့သည်။ ရုရှားကမူ ပြီးခဲ့သည့်လပိုင်းတွင် ၎င်းတို့၏ လေကြောင်း တိုက်ခိုက်မှုများကို အစပြုခဲ့ပြီး အိုင်အက်စ်တို့အပြင် အာဆတ်အစိုးရကို တော်လှန်သည့် အလယ်အလတ်သဘောထားရှိသော သူပုန်အဖွဲ့များကိုပါ ရုရှားက ပစ်မှတ်ထားနေကြောင်း အမေရိကန်က စွပ်စွဲထားသည်။

Ref: Al Jazeera

No comments:

Post a Comment