Tuesday, December 8, 2015

လစ်ဗျားတွင် လူနှစ်ဦးကို မှော်ဆရာများဟု စွပ်စွဲပြီး အိုင်အက်စ် ခေါင်းဖြတ်ကွပ်မျက်

မှော်ဆရာများဖြစ်ကြောင်း စွပ်စွဲချက်ဖြင့် လူနှစ်ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက လူအများရှေ့မှောက်တွင် ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။အိုင်အက်စ်တို့ ထုတ်ဖော် ပြသလိုက်သည့် စက်ဆုပ်ဖွယ် ဗီဒီယို တစ်ခုတွင် လစ်ဗျားနိုင်ငံ၊ ထရီပိုလီ မြို့လယ် တစ်နေရာ၌ ယခုလို ရက်စက်ကြမ်းကြုတ်မှု တစ်ခုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်း ဖြစ်သည်။ အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်တို့တွင် အဓိက ခြေကုပ်ယူထားသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် လစ်ဗျားတွင်လည်း တစ်စတစ်စ ဩဇာပျံ့နှံ့ သက်ရောက်လာသည်။
ခန္ဓာကိုယ် အထက်အောက် တစ်ဆက်တည်း ချုပ်ထားသည့် လိမ္မော်ရောင် ဝတ်စုံ ဝတ်ဆင်ထားသူ နှစ်ဦးကို မျက်လုံးများ စည်းနှောင်ပြီး အိုင်အက်စ်တို့က လူမြင်ကွင်းသို့ ခေါ်ထုတ်လာသည်။ ထို့နောက်တွင် အနက်ရောင် ဝတ်ဆင်ကာ မျက်နှာများကို လုံခြုံစွာ ဖုံးအုပ်စည်းနှောင်ထားသည့် အိုင်အက်စ် ပါးကွက်သား နှစ်ဦးက ဧရာမ ဓားကြီးများကို အသုံးပြုကာ ၎င်းတို့ကို ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။

လစ်ဗျားတွင် ဂျီဟတ် အစွန်းရောက်ဝါဒီ စစ်သွေးကြွ ၂၀၀၀ ကျော်မျှ ရှိနေပြီဟု ခန့်မှန်းရပြီး ၎င်းတို့ ထိန်းချုပ်ထားရာ ဒေသများတွင် ရှာရီရာဥပဒေသကို ကျင့်သုံးပြဋ္ဌာန်းကာ ရက်စက် ကြမ်းကြုတ်သည့် ပြစ်ဒဏ် စီရင်မှုများ
ပြုလုပ်လျက် ရှိသည်။ ယခုဗီဒီယိုတွင် ပါရှိသော ကွပ်မျက်ခံရသူ နှစ်ဦးမှာ မှော်ကျင့်စဉ်ကို လေ့ကျင့်သည့် မှော်ဆရာများအဖြစ် စွပ်စွဲခံရပြီး ကြမ္မာဆိုးနှင့် ကြုံသွားခြင်း ဖြစ်သည်။

အိုင်အက်စ် ပါးကွက်သားများသည် ထိုသူနှစ်ဦးကို တရွတ်ဆွဲ ခေါ်ဆောင်လာကာ မြေပြင်ပေါ်တွင် ဒူးထောက်နေစေပြီး ကလေးငယ်များ အပါအဝင် လူပေါင်းများစွာ ရှေ့မှောက်တွင်ပင် ခေါင်းဖြတ် ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။
မှော်ဆရာအဖြစ် စွပ်စွဲခံရသူနှစ်ဦး သေဆုံးသွားချိန်တွင် လူအုပ်ကြီးက “ဘုရားသခင် ကြီးမြတ်ပေသည်”ဟု ကောင်းချီးပေး အော်ဟစ်နေကြပြီး ဦးခေါင်းမဲ့ ရုပ်အလောင်းများကို ဆေးရုံကား တစ်စီးပေါ် တင်ဆောင်နေသည်ကို
ပြသပြီး ဗီဒီယိုကို အဆုံးသတ်ထားသည်။

လစ်ဗျား အလယ်ပိုင်းတွင် အိုင်အက်စ်တို့ ကြီးစိုးလာမှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်နှင့် ဗြိတိန်တို့သည် ကွန်မန်ဒိုများ၊ သူလျှိုများ စေလွှတ်ကာ ထောက်လှမ်း စုံစမ်းမှုများ ပြုလုပ်နေသည်။ အိုင်အက်စ်တို့ အနေဖြင့် လစ်ဗျားတွင် နောက်ထပ် အခိုင်အမာ ခြေကုပ်နေရာတစ်ခု ထပ်မံရယူလာနိုင်မည့် အရေးသည် စိုးရိမ်စရာ အဆင့်ထိ ရှိလာခဲ့သည်။

လတ်တလောတွင် အိုင်အက်စ် တပ်များသည် လစ်ဗျားအာဏာရှင်ဟောင်း မူအမ်မာ ကဒါဖီ၏ မွေးရပ်ဖြစ်သော ဆာတီ ဆိပ်ကမ်းမြို့ အနီးတွင် အဓိက ခြေကုပ်ယူရန် ကြိုးစားနေပြီး မိုင်ပေါင်း ၁၅၀ မျှ ရှည်လျားသည့် ကမ်းခြေ နေရာကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

Ref: Daily Mail

No comments:

Post a Comment