Tuesday, December 15, 2015

ပါကစ္စတန် လူစည်ကားရာ ဈေးထဲတွင် ရှီးယိုက်များကို ပစ်မှတ်ထားသည့် ဗုံးကွဲ အနည်းဆုံး ၂၃ ဦး သေဆုံး

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူစည်ကားရာ အထည်အလိပ် ဈေးထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ရှီးယိုက်လူနည်းစုများကို ပစ်မှတ်ထားသည်ဟု သိရပြီး အနည်းဆုံး လူ ၂၃ ဦး သေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိသွားကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အတန် ပေးထားသော ခရိုင်တွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဈေးထဲတွင် ထားသွားသော အိတ်ထဲ၌ အဆိုပါဗုံး ရှိနေပြီး ထပေါက်ခြင်း ဖြစ်ကြောင်း ယင်းဒေသ၏ နိုင်ငံရေးကဏ္ဍ စီမံအုပ်ချုပ်သူ မစ္စတာ အမ်ဂျက်အလီခန်းက AFP သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။
မတရားသင်း ကြေညာထားသော ဆွန်နီစစ်သွေးကြွ အစွန်းရောက်အဖွဲ့ Lashkar-e-Jhangvi အဖွဲ့က ရှီးယိုက်နယ်မြေထဲတွင် ထောင်ထားသော ထိုဗုံးကို ၎င်းတို့ ခွဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းအဖွဲ့သည် ပါကစ္စတန်ရှိ လူနည်းစုရပ်ရွာများကို တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ရှီးယိုက်များကို ဗုံးခွဲတိုက်ခိုက်ရခြင်းမှာ ၎င်းတို့သည် အီရန်နှင့် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆက်တို့ကို ထောက်ခံသည့်အတွက် အပြစ်ပေးခြင်း ဖြစ်သည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပါကစ္စတန် မီဒီယာများကို သတင်းစကား ပေးပို့ခဲ့သည်။
ယင်းသို့ အကြမ်းဖက်အဖွဲ့က ပြောကြားချက်သည် မှန်ကန်ခြင်းရှိမရှိ တိုင်းတာရန် ခက်ခဲသည်။
ပါကစ္စတန်မျိုးနွယ်စု ဒေသကို အစ္စလာမ္မစ် စစ်သွေးကြွများက အကြမ်းဖက်တိုက်ခိုက်မှု မကြာခဏ ပြုလုပ်လေ့ ရှိသည်။
ဆွန်နီနှင့် ရှီးယိုက်တို့အကြား ဘာသာရေး ပဋိပက္ခကလည်း ထိုဒေသများတွင် ပိုမိုကြီးမားလေ့ ရှိသည်။
ပါကစ္စတန်သည် တောင်အာရှ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ အစ္စလာမ္မစ်အဖွဲ့များက နယ်စပ်ဒေသကို အကာအကွယ်ယူကာ လှုပ်ရှားလေ့ ရှိကြသည်။

The Voice Weekly

No comments:

Post a Comment