Sunday, December 27, 2015

IS ခေါင်းဆောင်က ဆော်ဒီတွင် လူထုအုံကြွမှု ပြုလုပ်ရန် တိုက်တွန်းပြီး အစ္စရေးကို တိုက်ခိုက်မည်ဟု ကတိပြု

အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (IS) ၏ သိုဝှက်စွာ နေထိုင်လေ့ရှိသော အဖွဲ့ခေါင်းဆောင် အဘူဘာကာအယ်ဘဂ္ဂဒက်ဒီသည် ဒီဇင်ဘာ ၂၆ ရက်က ထွက်လာသော အသံမိန့်ခွန်းထဲတွင် ဆော်ဒီအာရေဗျ နိုင်ငံထဲ၌ လူထုအုံကြွမှုတစ်ခု ပြုလုပ်ရန် ဆော်သြခဲ့ပြီး အစ္စရေးကို တိုက်ခိုက်မည်ဟု ကတိပြုခဲ့သည်။
၂၄ မိနစ် ကြာမြင့်သည့် ထိုအသံမိန့်ခွန်းသည် ခုနစ်လအတွင်း ဘဂ္ဂဒက်ဒီ၏ ပထမဆုံး အသံမိန့်ခွန်း ဖြစ်သည်။ ထိုခုနစ်လတာ ကာလအတွင်း IS တို့သည် အီရတ်နှင့် ဆီးရီးယားတို့တွင် ထိုးနှက်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအသံ မိန့်ခွန်းထဲတွင် ပြောကြားသူမှာ ဘဂ္ဂဒက်ဒီ ဟုတ်မဟုတ် အတည်ပြုနိုင်သည့် နည်းလမ်း မရှိသော်လည်း မိန့်ခွန်းပြောခဲ့သော အသံသည် ဘဂ္ဂဒက်ဒီ၏ ယခင်မိန့်ခွန်းများထဲမှ အသံနှင့် ဆင်တူနေသည်။ အဆိုပါ အသံမိန့်ခွန်းကို မည်သည့်အချိန်က ပြောကြားခဲ့ကြောင်း မသိရသော်လည်း မိန့်ခွန်းထဲတွင် ဒီဇင်ဘာ ၁၅ ရက်က ဆော်ဒီ ဦးဆောင်ဖွဲ့စည်းခဲ့သော နိုင်ငံပေါင်း ၃၄ နိုင်ငံ ပါဝင်သည့် IS ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့ အကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။

“အစ္စလာမ္မစ်လို့ခေါ်တဲ့ ညွန့်ပေါင်းအဖွဲ့ တစ်ခုကို သူတို့တစ်တွေ ဖွဲ့စည်းခဲ့ကြပြီး သူတို့ရဲ့ ရည်မှန်းချက်ဟာ အစ္စလာမ္မစ် နိုင်ငံတော်ကို တိုက်ဖို့ဆိုပြီး ကြေညာခဲ့တယ်။ အဲဒီညွန့်ပေါင်းဟာ တကယ်ပဲ အစ္စလာမ္မစ် ဖြစ်တယ်ဆိုရင် သူတို့ဟာ အောင်ပွဲကို ကြေညာပြီး ဆီးရီးယား ပြည်သူတွေကို ကူညီရမှာပါ” ဟု ဘဂ္ဂဒက်ဒီက မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဘဂ္ဂဒက်ဒီသည် ဆော်ဒီနိုင်ငံသားများကို ဖောက်ပြန်နေသော သူတို့၏ အာဏာရှင်များကို ဆန့်ကျင်အုံကြွပြီး ဆီးရီးယား၊ အီရတ်နှင့် ယီမင်နိုင်ငံသားများအတွက် လက်စားချေရန် ဆော်သြခဲ့သည်။ ဘဂ္ဂဒက်ဒီသည် သူ၏ ယခင် အသံမိန့်ခွန်းများထဲတွင်လည်း ဆော်ဒီကို တိုက်ခိုက် ပြောကြားလေ့ရှိသည်။ ယခု မိန့်ခွန်းထဲတွင်လည်း ဆော်ဒီအာဏာပိုင်များသည် ယီမင်၌ ရှီအိုက်ဟူသီ သူပုန်တို့ကို လေကြောင်း စစ်ဆင်ရေး လုပ်ဆောင်နေခြင်းမှာ အနောက်နိုင်ငံများကို ကျေနပ်စေရန် အတွက်သာ ဖြစ်သည်ဟုလည်း စွပ်စွဲ ပြောကြားခဲ့သည်။

ဘဂ္ဂဒက်ဒီသည် အစ္စရေးကို တိုက်ခိုက်မည်ဖြစ်ကြောင်း ကတိပြုခဲ့ကာ IS တို့သည် ပါလက်စတိုင်းတို့ကို ခဏလေးပင် မမေ့လျော့ခဲ့ဟုလည်း ဆိုခဲ့သည်။ “အလာဆီကနေ ခွင့်ပြုချက် ရရချင်း သင်တို့တစ်တွေ မူဂျာဟစ်ဒင်တွေရဲ့ ခြေသံတွေကို ကြားရတော့မှာပါ။ ကျုပ်တို့ နီးသထက် နီးလာပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုအသံသွင်းမှုကို ယခင် ဘဂ္ဂဒက်ဒီ၏ အသံမိန့်ခွန်းများကဲသို့ ဘာသာပေါင်း များစွာဖြင့် ပြန်ထားခြင်းမျိုး မရှိခဲ့ပေ။ ဘဂ္ဂဒက်ဒီသည် ၂၀၁၄ခုနှစ် နွေရာသီက အီရတ်နိုင်ငံ မိုဆူးတွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် လူရှေ့သို့ ထွက်ခဲ့သည်။
Ref : AFP

No comments:

Post a Comment