Friday, May 31, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းမည့် အားကစားနည်းများအပေါ် မကျေနပ်၍ သပိတ်မှောက်သည့် အနေဖြင့် ကစားသမား အနည်းငယ်သာ ဖိလစ်ပိုင် စေလွှတ်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပ မည်ဖြစ်သော အားကစားနည်းများအပေါ် ကျေနပ်ခြင်း မရှိသောကြောင့် ယင်းပြိုင်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် ကစားသမား အနည်းငယ်သာ စေလွှတ်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် အားကစားကော် မရှင် ဥက္ကဋ္ဌ ရစ်ချီဂါစီယာက ပြောကြားခဲ့သည်။ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အိုလံပစ် အားကစားနည်း အချို့ကို
ချန်လှပ်ကာ ရိုးရာအားကစားနည်းများကို ထည့်သွင်းကျင်းပရန် စီစဉ်ထားသောကြောင့် ယခုကဲ့သို့ ပြု လုပ်ခြင်း ဖြစ်ကြောင်း AFP က ဖော်ပြခဲ့သည်။
လာမည့်(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုးထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ရိုးရာ အားကစားနည်း များဖြစ်သည့် ခြင်းလုံးအပါအ၀င် ကာယဗလ စသည့်အားကစားနည်းများ ထည့်သွင်း ကျင်းပခြင်းအပေါ် ဖိလစ်ပိုင် အားကစား ကော်မရှင် ဥက္ကဋ္ဌ ရစ်ချီဂါစီယာက ဝေဖန်ထောက်ပြခဲ့ပြီး အိုလံပစ် အားကစားနည်းများဖြစ်သည့် ကျွမ်းဘားနှင့် တင်းနစ်အား ကစားနည်းများကို ချန်လှပ် ခဲ့ကြောင်း ဝေဖန်ပြော ကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံက အားကစားသမား (၅၁၂)ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း လာမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်မူ အားကစား သမား(၃၀) ဦးမှ (၅၀)ဦးကြားသာ စေလွှတ်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဂါစီယာက AFP သို့ ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ၎င်းတို့ဆုတံဆိပ် ရရှိနိုင်ရန် အားနည်းသည့် အားကစားနည်းများကို ချန်လှပ် ခဲ့ပြီး ရွှေတံဆိပ်ရရှိရန် အားသာသည့် ကစားနည်းများကို ထည့်သွင်းခဲ့ကြောင်းနှင့် မိမိတို့ ဆုတံဆိပ် ရရှိနိုင် သည့် အားကစားနည်း အချို့ကို ထည့်သွင်းထားခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ က ကျင်းပခဲ့သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုး ကျင်းပ မည်ဖြစ်ပြီး မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် ခြင်းလုံးပြိုင်ပွဲအပါအ၀င် ဒေသတွင်း နိုင်ငံအချို့၏ ရိုးရာအားကစား နည်းများ လည်း ပါဝင်နေကြောင်း သိရသည်။

From...Eleven

No comments:

Post a Comment