Wednesday, March 16, 2016

အစ္စရေး တောင်တက်သမားတဦး နှစ် ၂၀၀၀ နီးပါးသက်တမ်းရှိ ရွှေဒင်္ဂါးတွေ့

အစ္စရေးနိုင်ငံမှ အမျိုးသမီး တောင်တက်သမားတဦးဟာ နိုင်ငံမြောက်ပိုင်း၊ ဂါလီလီဒေသ ရှေးဟောင်းသုတေသန နယ်မြေအနီး တောင်တက်ခရီးစဉ်အတွင်းမှာ နှစ် ၂၀၀၀ နီးပါး သက်တမ်းရှိတဲ့ ရွှေဒင်္ဂါးတပြားကို တွေ့ရှိခဲ့တယ်လို့ အစ္စရေး ရှေးဟောင်းပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (အိုင်အေအေ) က ပြောပါတယ်။

လော်ရီရီမွန် အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အုပ်စုနဲ့အတူရှိနေစဉ်အတွင်း မြက်ခင်းစပ်မှာ ပြောင်ပြောင်လက်လက် အရာတခုကို တွေ့လိုက်ရပြီး ကောက်ယူကြည့်တော့မှ ရှေးကျတဲ့ ရွှေဒင်္ဂါးဖြစ်နေတာကို သိလိုက်ရတာဖြစ်တယ်လို့ ယူပီအိုင်သတင်းမှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

လော်ရီဟာ အစ္စရေးနိုင်ငံမြောက်ပိုင်း ကေဖာဘလမ်ဒေသမှာ နေထိုင်သူတဦးဖြစ်ပြီး အဲဒီရွှေဒင်္ဂါးကို ရှေးဟောင်းပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့ဆီ လာရောက် အပ်နှံခဲ့တာပါ။

အစ္စရေး ရှေးဟောင်းပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (အိုင်အေအေ) က ဒီရွှေဒင်္ဂါးဟာ ပထမဆုံး ရောမအင်ပါယာ အော်ဂတ်စတပ်စ်ခေတ်က ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီရွှေဒင်္ဂါးနဲ့ ပုံစံတူဒင်္ဂါးဟာ အင်္ဂလန်နိုင်ငံ ပြတိုက်မှာ ရှိနေတာဖြစ်ပြီး အရင်ကတော့ အဲဒီဒင်္ဂါး တခုတည်းကသာ ကျန်နေခဲ့တဲ့ တခုတည်းသော လက်ရာလို့ ယူဆထားခဲ့ကြတာပါ။

အစ္စရေး ရှေးဟောင်းပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (အိုင်အေအေ)၊ ရှေးဟောင်းပစ္စည်း တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တားမြစ်ရေးယူနစ်မှ နာဒစ်စတဲဖဲဒ်က “လော်ရီဟာ နိုင်ငံသားကောင်းပီသမှုကို ပြသနိုင်ခဲ့တယ်။ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့ တွေ့ရှိမှုတခုဖြစ်ပြီး ခုလို လာရောက်အပ်နှံခဲ့တဲ့အတွက် ပြည်သူတွေကလည်း ၀မ်းသာကြမှာပါ။ သူ့ကိုလည်း ဂုဏ်ပြုမှာပါ” လို့ ပြောပါတယ်။

No comments:

Post a Comment