Wednesday, August 1, 2012

မဉ္ဇူတည့်ကြိုင်သင်း ဝါတွင်းသည်ချိန်ခါ (အယ်တီတာ့ အာဘော်)

(မနက်ဖြန် ၀ါဆိုလပြည့် အတွက် ရည်ရွယ်ရေးထားတာလေးပါ)

(၂ဝ၁၂ ခုနှစ်၊ သြဂုတ် ၁ ရက်)
မနက်ဖြန်သည် ၁၃၇၄ ခုနှစ် ဒုတိယ ဝါဆိုလ ပြည့်နေ့ ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရား အလောင်း တော် သိဒ္ဓတ္ထ မင်းသားသည် ကပိလဝတ် ပြည့်ရှင် သုဒ္ဓေါဓန မင်းကြီး၏ မိဖုရား သီရိမဟာ မာယာဒေဝီ၏ ဝမ်းကြာ တိုက်၌ ဝါဆိုလပြည့် ကြာသပတေး နေ့တွင် သန္ဓေယူ တော်မူခဲ့သည်။ သူအို၊ သူနာ၊ သူသေနှင့် ရဟန်းတို့ ကိုမြင်ရသော် ဘဝသံသရာကို တရား သံဝေဂ ရရာမှ သက်တော် ၂၉ နှစ် အရွယ် မဟာ သက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက် တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလ ပြည့် စနေနေ့တွင် မိဂဒါဝုန်တော၌ သီတင်းသုံး နေသော ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဓမ္မစကြာ တရား ဟောကြား တော်မူ ခဲ့သည်။ ထို့ကြောင့် ဝါဆိုလ ပြည့်နေ့ကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်ဟူ၍ ဗုဒ္ဓဘာသာ ဝင်တို့ အမှတ် အသား ပြုကြသည်။


ရဟန်းသံဃာ အရှင်သူမြတ် များသည် ဝါဆိုလ ပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ အထိ ဝါတွင်း သုံးလပတ်လုံး မိမိတို့ သီတင်း သုံးရာ ကျောင်း၌ပင် သီတင်း သုံးကြရသည်။ ရပ်ဝေးခရီးသို့ မကြွ ကြရန် ပညတ် ထားသည်။ ရဟန်း သံဃာများ ဝါကပ်ခြင်းတွင် ဝါထပ်သော နှစ်များ၌ ပထမဝါဆို လပြည့်ကျော် (၁)ရက်မှ သီတင်းကျွတ် လပြည့်နေ့ အထိကို ပုရိမဝါကပ် သည်ဟု ခေါ်ကြသည်။ ဒုတိယ ဝါဆိုလ ပြည့်ကျော်(၁) ရက်မှ သီတင်းကျွတ် လပြည့်နေ့ အထိကို ပစ္ဆိမဝါကပ် သည်ဟု ခေါ်ကြသည်။

မြန်မာတို့သည် ဝါဆိုလတွင် အစဉ်အလာ အားဖြင့် ပဉ္ဇင်းခံပွဲနှင့် ဝါဆိုသင်္ကန်းကပ်ပွဲများ ကျင်းပကြ သည်မှာ ရှေးခေတ်က ပင်ဖြစ်သည်။ ပုဂံမြို့ရှိ သင်လျင် အိုကပ် သင်ကျောက်စာ၌ ''သား ပဉ္ဇင်းခံ၍ တရားဦး နာသရော၊ ကျွန်၊နွား၊ ဥစ္စာပေး၏'' ဟု ရေးထိုး ထားရာ ပုဂံခေတ်ကပင် ပဉ္ဇင်းခံပွဲများ ရှိကြောင်း တွေ့ရသည်။ အင်ရုံရွာစား ဝန်ကြီးသီရိ ဥဇနာစီရင် ရေးသားသော လောက ဗျူဟာ ကျမ်း၌ ဝါဆိုလဆန်း (၅)ရက်တွင် ဝါဝင် အမိန့်ပြန် တမ်းထုတ်ပြန် ခဲ့ကြောင်း တွေ့ရသည်။ ''ပြည်သူပြည်သား အပေါင်းတို့ ယခု ဝါဆိုလ ရောက်ပေပြီ။ ပဉ္စသီ၊ အဋ္ဌသီ၊ ဒဿသီတို့ကို ဆောက်တည်၍ အလှူပေးခြင်း၊ သီလ သီတင်း ဆောက်တည်ခြင်း၊ ဘာဝနာ စီးဖြန်းခြင်း ကိုလည်း သဒ္ဓါစေတနာ စိတ်ရှိသမျှ လှူဒါန်း ဆောက် တည်ကုန်'' ဟူသော အမိန့်ပြန်တမ်းမှာ ဗုဒ္ဓဘာသာ တို့၏ အစဉ်အလာ ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် တို့သည် ဝါတွင်း ကာလ၌ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားစခန်း ဝင်၍ တရား အားထုတ်ခြင်း၊ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော ခဲဖွယ်များ ကပ်လှူခြင်း၊ ဝါဆို သင်္ကန်းကပ် လှူခြင်း စသည်ဖြင့် ကုသိုလ် ကောင်းမှုပြု ကြသည်။

သို့ဖြစ်၍ ဝါဆိုလပြည့်နေ့ ဓမ္မစကြာ အခါတော် နေ့သည် ဗုဒ္ဓဘာသာဝင် တို့ အတွက် နေ့ထူး နေ့မြတ် ဖြစ်သကဲ့သို့ ဝါတွင်း သုံးလ သည်လည်း ဗုဒ္ဓ ဘာသာဝင် တို့အဖို့ ဒါနကုသိုလ် အထူးပြုကြ သော ကာလ ဖြစ်သည့် အားလျော်စွာ အများပြည်သူ အပေါင်း တို့သည် အလှူရေ စက်လက် နှင့်မကွာ ပြု၍ ကုသိုလ် ယူကြပါရန် နှိုးဆော် လိုက်ရပါသည်။    ။

No comments:

Post a Comment