Friday, August 17, 2012

ပြန်လာသူတို့ နှလုံးသား



မြန်မာ့ ပြုပြင် ပြောင်းလဲရေး အရှိန်အဟုန် တက်လာသည်နှင့် အမျှ ပြန် လာသူ များကို ဆထက် ထမ်းပိုးတိုး လိုအပ် လာပေပြီ။
မြန်မာ့ပြုပြင် ပြောင်းလဲရေးကို ထိပ်တန်းမှ စိန်ခေါ်လျက် ရှိသည်ဟု ပြည်တွင်း ပြည်ပ ပညာရှင်များက တစ်ခဲနက် လက်ခံထားသည်မှာ ‘Capacity’ ဟု အင်္ဂလိပ် ဘာသာဖြင့် ခေါ်ဝေါ်သည့် စွမ်းရည် ဖြစ်သည်။ ယိုယွင်း အားနည်းခဲ့သော ပညာရေး စနစ်ကြောင့် လည်းကောင်း၊ တော်သူချောင်ထိုး ယဉ်ကျေးမှု ထွန်းကား ခဲ့သောကြောင့် လည်းကောင်း၊ နိုင်ငံတွင်း အခွင့်အလမ်းများ နည်းပါး ခဲ့သောကြောင့် လည်းကောင်း နိုင်ငံတွင်းတွင် စွမ်းရည် နည်းပါးကာ နိုင်ငံပြုပြင် ပြောင်းလဲရေးကို တွန်းနိုင် ဆွဲနိုင်မည့် သူများ ပြတ်လပ် နေသေးသည်။

တရုတ် နိုင်ငံသားများ ပြည်ပတွင် နေထိုင်ကာ ပြန်မလာကြ သည်ကို တရုတ် ခေါင်းဆောင်ကြီး ချူအင်လိုင်းက Brainpower stored overseas ပြည်ပတွင် သိမ်းဆည်း ထားသော ဦးနှောက် စွမ်းအင်ဟု တင်စားခဲ့သည်။ မလိုလျှင် သုံးစရာ မလိုသေး၊ လိုလျှင် သုံးနိုင်သည်ဟု ဆိုလိုသည်။ ပြည်ပတွင် အကြောင်းကြောင်းကြောင့် ရောက်နေသည့် မြန်မာနိုင်ငံမှ ပေါက်ပေါက်မြောက်မြောက် ပုဂ္ဂိုလ်များသည် ပြည်ပတွင် သိုမှီးထားသည့် ဦးနှောက်များပင် ဖြစ်သည်။ ယခု နိုင်ငံပြုပြင် ပြောင်းလဲချိန်တွင် ထိုသူတို့၏အား လိုအပ်လာပြီ။
ပြန်လာသော သူတို့သည် နိုင်ငံတကာ လုပ်နည်း ကိုင်နည်းများကို အကျွမ်းတ၀င် ရှိမည်။ နိုင်ငံတကာ ဘာသာစကားကို ပြောနိုင်သည်။နိုင်ငံတကာ ဘာသာစကား ဆိုသည်မှာ အင်္ဂလိပ်၊ ပြင်သစ်ဘာသာ တို့ကို မဆိုလို။ နိုင်ငံတကာတွင် ပေါက်အောင် ဘယ်လို ပြောရမည်၊ သူတို့ ဘာကြိုက်သည်ကို နားလည်ခြင်းကို ဆိုလိုသည်။ သက်ဆိုင်ရာ နယ်ပယ် အလိုက် နည်းစနစ်များကို ကျွမ်းကျင်သည်။ နိုင်ငံတကာ မိတ်ဆွေ အပေါင်းအသင်း ကွန်ရက် ( Networks ) အားကောင်းသည်။တစ်ဖန် အမိမြေ၏ အထာ ကိုလည်း ရင်းနှီးသည်။ အနည်းဆုံး မြန်မာလို နားလည်မည်။ ဘယ်လိုရွှေ့လျှင် ဘယ်လို ခရီးပေါက်မည်ကို သိသည်။ထို့ကြောင့် သူတို့သည် သူစိမ်းတစ်ရံဆံ နိုင်ငံခြားသားများနှင့် ယှဉ်လျှင် ထိုနေရာ တို့တွင် အားသာချက်များ ရှိသည်။
ပြည်ပ ရောက်နေသူများ၏ အားကို နိုင်ငံက လိုအပ်နေပြီ ဖြစ်ကြောင်း သမ္မတ ကိုယ်တိုင်က ဖိတ်ခေါ်ခဲ့ခြင်း၊ သမ္မတ၏ နောက်ဆုံး ဖွဲ့စည်း လိုက်သည့် စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီတွင် ပါဝင်ကြသူ အတော်များများမှာ ယခုမှ ပြန်လာသူ၊ ယခင်ကတည်းက ပြန်လာသူ၊ ပြည်ပမှ ပြန်လာသူများ ဖြစ်သည်ကို တွေ့ရသောကြောင့် Brainpower stored overseas သဘောတရားကို လက်တွေ့ အသုံးချနေပြီဟု သဘောပေါက် ရသည်။
ပြည်ပရောက် မြန်မာတို့ သည်လည်း မြန်မာပြည် တွင်းတွင် ဖြစ်ပေါ် ပြောင်းလဲနေသော အခြေအနေ တို့ကို အနီးကပ် စောင့်ကြည့် လေ့လာပြီး ရင်ခုန် နေကြပြီ။ အချို့ အချို့တို့ စတင် ပြန်လာ နေကြပြီ။ပင်လယ် ရပ်ခြားတွင် ဘွဲ့ရပြီး ပြည်ပတွင်ပင် အလုပ် လုပ်ကိုင်ရန် လျှောက်ထားသော မြန်မာတို့ကို အင်တာဗျူးတွင် ထည့်သွင်း မေးသည့် မေးခွန်းတို့တွင် “မြန်မာနိုင်ငံကို ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရရင် သွားရောက် ထမ်းဆောင်နိုင်ပါ့မလား” ဟူသော မေးခွန်း ပါဝင်လာခဲ့ပြီ။
ယခုထက် ပိုပြီး မြန်မာတို့ ပြန်လာစေရန်၊ ပြန်လာသူတို့ မိမိ အကျိုး နိုင်ငံ့ အကျိုးကို ထိထိ ရောက်ရောက် ပြုနိုင်ရန် အောက်ပါ အချက်တို့မှာ အရေးကြီးသည်။


အခွင့်အလမ်း


ပြန်လာလိုသော သူတို့ ပြန်လာနိုင်အောင် အခွင့်အလမ်းများ ဖော်ဆောင် ပေးရမည်။ ရှာမှရှား ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်မျိုး ဖြစ်နေလျှင် အထူး အခွင့်အရေးမျိုး ဖန်တီး ပေးကောင်း ပေးရမည်။ အခွင့်အရေး ပေးရာ ကျလွန်းမနေဘူးလားဟု ထင်စရာရှိပါသည်။ သို့သော် သူစိမ်း သက်သက် နိုင်ငံခြားသား မျက်နှာဖြူ မျက်နှာဝါ တို့ကို ပင်လျှင် ထို အခွင့်အရေးများ ပေးပြီးမှ ဆွဲဆောင်ရသောကြောင့် မိမိနိုင်ငံကို ပြန်လာမည့် မြန်မာတို့ကို အခွင့်အရေး ပေးရသည်မှာ မဆန်း။
ထိုမြန်မာ တို့သည်လည်း ဟိုဘက်တွင် ကျနေသော အခြေကို ဖျက်ပြီး မြန်မာပြည်သို့ ပြန်လာကာ အခြေ ပြန်ဆောက်ရမည် ဖြစ်သည်။ သူတို့ သည်လည်း ထွက်သွားသော အချိန်ကာလပေါ် မူတည်ပြီး အမိမြေနှင့် အတိုင်းအတာ တစ်ခုအထိ စိမ်းနေဦးမည် ဖြစ်သောကြောင့် ကောင်းကျိုး ဆိုးကျိုးကို တွက်ချက်ပြီးမှ ပြန်လာကြမည် ဆိုသည့် အမှန်တရားကို တွက်ဆနိုင်ရန် လိုသည်။ ဥပမာ-နိုင်ငံခြားမှ ပြန်လာကာ ရင်းနှီးမြှုပ်နှံ မည့် မြန်မာနိုင်ငံသား ဆိုလျှင် အခွန်သက်သာခွင့် စသည့် အခွင့်အရေး များ။ အခြားနိုင်ငံသားများ ဖြစ်နေပြီဖြစ်သည့် မြန်မာတို့ ပြန်လာ စီးပွားရေး လုပ်ကိုင်လိုလျှင် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု အတိုင်း စည်းကြပ်မည်လော၊ သို့မဟုတ် နိုင်ငံသားလည်း မကျ နိုင်ငံခြားသား လည်း မကသော အခွင့်အရေးများ ပေးမည်လော စသည်တို့ဖြစ်သည်။
မြန်မာပြည်မှ ပညာရှင် ပါမောက္ခကြီးများ၊ အရာရှိကြီးများ အငြိမ်းစား ယူသောအခါ မိမိနိုင်ငံက မည်သို့ သုံးရမှန်း မသိချိန်တွင် အခြားနိုင်ငံ တက္ကသိုလ်များက ဆည်ဝက ဗျိုင်းစောင့် သကဲ့သို့ အဆင်သင့် ကောက်ပြီး ခေါ်ယူသွားသည်များ မြင်တွေ့နေရရာ ယခုအချိန်တွင် လည်း ထိုနမူနာကို သင်ခန်းစာယူပြီး ပြည်ပမှ အကျော်အမော်တို့ မိမိ ဘာသာ စိတ်လည် အလာကို စောင့်မနေဘဲ မိမိက စသင့်လျှင် စရမည်။တရုတ်နှင့် အိန္ဒိယ တို့ကဲ့သို့ ပြည်ပရောက် နိုင်ငံသားများ၏ အားကို စုစည်းကာ နိုင်ငံ ကြီးပွားရေးတွင် အသုံးချနိုင်သည့် နာမည်ကျော် နိုင်ငံများဆိုလျှင် နိုင်ငံ့ ခေါင်းဆောင်များ ပြည်ပ ခရီးစဉ်သွားလျှင် ပြည်ပရောက် မိမိတို့၏ အကျော်အမော်များအား စုဝေးပြီး စကားပြော မိတ်ဖွဲ့ကာ နိုင်ငံဖွံ့ဖြိုးရေးတွင် တစ်တပ် တစ်အား ပါဝင်အောင် ဖိတ်ခေါ် လေ့ရှိသည်။
အခြားနိုင်ငံ၊ ဒေသတွင်းရှိ မြန်မာလူချွန်တို့နှင့် ထိတွေ့ အင်အား ရယူနိုင်ရန် အားထုတ်ရာတွင် သက်ဆိုင်ရာ သံရုံးများ၏ အခန်း ကဏ္ဍသည်လည်း အလွန် အရေးကြီးသည်။


Brain Waste


ပြန်လာသူ တို့ကို သူ့နေရာနှင့်သူ ကျွမ်းကျင်ရာ နယ်ပယ် အလိုက် မသုံးနိုင်လျှင်လည်းကောင်း၊ သူလုပ်နိုင်သည့် စွမ်းရည်အောက် လုပ်ကိုင်နေရလျှင်လည်းကောင်း၊ သူကျွမ်းကျင်ရာ နယ်ပယ်မျိုး နိုင်ငံ တွင် မရှိသေးလျှင်လည်း ဦးနှောက် အလဟဿ Brain Waste ဖြစ်သွားနိုင်သည်။ နေရာ မပေးနိုင်မည့် တူတူ မြန်မာပြည်သို့ ပြန်လာ လျှင် သူ့အတွက်လည်း အကျိုးမရှိ၊ နိုင်ငံအတွက်လည်း အကျိုးမရှိ ဖြစ်သွား နိုင်လျှင် ပြန်မလာသည်က ပိုကောင်းသည်။ တစ်ချိန်တွင် ထိုလုပ်ငန်း နယ်ပယ်မျိုး ပေါ်လာသည်နှင့် ပြန်လာနိုင်အောင် အဆက်အသွယ် မပြတ်မူ ထားရှိရမည်။


အကူးအပြောင်းကာလ


အကူးအပြောင်းကာလ Transition Period တွင် ပြန်လာ သူတို့ ကိုယ်တိုင်သည်လည်း အကူးအပြောင်း ကာလကို ဖြတ်ကျော် နေရသည်။ သူတို့ လုပ်နေကျ ကိုင်နေကျ နေရာတို့မှ ဖယ်ခွာကာ အမိမြေ ကို ပြန်လာရသောကြောင့် မိမိကိုယ်ကိုယ် ပြန်လည် တည်ဆောက်နေရ သည့် ကာလလည်း ဖြစ်သည်။ ထို့ကြောင့် ရှိနှင့် နေပြီး တို့က ကူပံ့ရန် လိုသည်။ မူလပထမတွင် အထင်ကြီးခြင်း၊ ၀မ်းသာခြင်းများ ဖြစ်မည် ဖြစ်သော်လည်း လူတွင် ရှိတတ်သော မလုံခြုံမှု၊ ပြိုင်ဘက် သဖွယ် သဘောထားမှုများ နောင်တွင် ပေါ်လာနိုင်သောကြောင့် အိမ်ခံနှင့် ပြန်ရောက်သူများ အကြား ပြိုင်ဘက်သဖွယ် ဖြစ်လာနိုင်သည်။ သို့သော် ဘုံရည်မှန်းချက်ချင်း တူလျှင် ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။


နှလုံးသား


မြန်မာပြည်တွင်း စွမ်းရည် ကွက်လပ် Capacity Gap ကို မြင်သောကြောင့် နိုင်ငံခြားသား ပညာရှင်များ၊ တတ်သူ သိသူများလည်း ၀င်ရောက်ရန် တာစူနေကြပြီ၊ ၀င်လည်း ၀င်နေကြပြီ။ သို့သော် ယခုမှ စိတ်ကူးပေါက် ရောက်လာသူ သူစိမ်း နိုင်ငံခြားသားနှင့် ပြန်လာသူ မြန်မာတို့ ဦးနှောက်ချင်း တူလျှင် နှလုံးသားတွင် ကွာခြားသည်။ ပြန်လာသူတို့သည် ဒီမြေ ဒီရေကို တွယ်တာကြမည်၊ သစ္စာရှိကြမည်။
အခြေအနေ အကြောင်းကြောင်းကြောင့်သာ ရေကြည်ရာ၊ မြက်နုရာ ရွှေ့သွားကြသည် အခြေအနေ ပေးသည်နှင့် ဇာတိသို့ ပြန်လာလို ပေလိမ့်မည်။ မည်သည့် အလုပ်မဆို ဦးနှောက်နှင့် နှလုံးသားပေါင်းလျှင် အောင်မြင်နိုင်ခြေ အဆပေါင်းများစွာ တက်သွားသောကြောင့် သူစိမ်း ပြင်ပြင်တို့နှင့် စာလျှင် ပြန်လာသူ မြန်မာတို့က တိုင်းပြည်ဖွံ့ဖြိုးရေးကို ပိုမို ထောက်ကူနိုင်မည့် အခြေအနေပင်။

မည်မျှပင် အခွင့်အလမ်းများ ရှိနေနေ အကြောင်းကြောင်းကြောင့် ပြန်မလာနိုင်သူများလည်း ရှိနေဦးမည်ဖြစ်သောကြောင့် ထိုသူများ အဝေးတွင် နေရင်း နိုင်ငံ့အကျိုး သယ်ပိုးနိုင်အောင် စီစဉ် ပေးထားရ မည်။ ဆက်သွယ်ရေး နည်းပညာ၊ သယ်ယူ ပို့ဆောင်ရေး နည်းပညာများ တိုးတက်နေသည့် ယခုခေတ်တွင် အဆက်အသွယ်၊ ပညာတို့သည် ကွန်ရက်ကောင်းလျှင် ကောင်းသလို စီးဆင်း နေမည် ဖြစ်သောကြောင့် ထိုသူတို့ အဝေးနေရင်း ချစ်နိုင်ခွင့်များ ဖော်ထုတ် ပေးထားရမည်။

မြန်မာ့ မြန်မာ့ရေတွင် အခြေတည် သွားခဲ့သည့် လူချွန်လူမွန်တို့ ပြန်လာပြီး နှလုံးသားနှင့် ကြိုးစားကာ ဦးနှောက်နှင့် ဖန်တီးကြလျှင် မြန်မာ့ ပြုပြင် ပြောင်းလဲရေး ရှိန်နှုန်း နောက်တစ်ဆင့် တင်နိုင်လိမ့်မည်။

From -TheVoiceWeekly

No comments:

Post a Comment