Saturday, August 4, 2012

မီဒီယာကိစ္စပြေလည်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြော

မီဒီယာများက တာဝန်ယူမှု၊ တာဝန်ရှိမှု ရှိရန်နှင့် တည်ငြိမ်မှုမထိခိုက်စေဘဲ ဆောင်ရွက်ရန် လိုကြောင်းလည်း သမ္မတကပြောသည်ဟုဆိုသည်။ရန်ကုန်၊ သြဂုတ် - ၄ မီဒီယာကိစ္စပြေလည်သွားမည်ဟု နိုင်ငံတော်သမ္မတက ယနေ့ (သြဂုတ် ၄ ရက်) ပါတီ ၁၄ ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဂျာနယ်အချို့ ထုတ်ဝေခွင့် အပိတ်ခံရခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၏ အမေးကို ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း ဦးသိန်းညွန့်ကပြောသည်။


"သမ္မတကြီးပြောတာကို အကျဉ်းချုံးမှတ်ထားမိတာက မီဒီယာတွေရဲ့ စတုတ္ထမဏ္ဍိုင်အခန်းကဏ္ဍကို သမ္မတကြီးကလည်း လက်ခံပြီးသားပဲ။ စတုတ္ထမဏ္ဍိုင်တွေ အခြေခံဥပဒေဘောင်အတွင်းက လွတ်လပ်ခွင့်တွေရှိသလို တာဝန်ယူမှု၊ တာဝန်ရှိမှုလည်း ရှိရမှာပေါ့။ ဘာလုပ်လုပ် တည်ငြိမ်မှုကို မထိခိုက်စေဘဲ ဆောင်ရွက်ဖို့ လိုတာပေါ့။ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်အောင်ဆောင်ရွက်ဖို့ပေါ့။ မီဒီယာတွေရော ဘာရော ဟန်ချက်ညီညီဖြစ်လာရင် မီဒီယာကိစ္စ ပြေလည်သွားမယ်လို့ သမ္မတကတော့ လိုရင်းပြောတာပဲ" ဟု ဦးသိန်းညွန့်ကပြောသည်။

တရားစွဲထားရသော လျှပ်တစ်ပြက်နှင့် The Voice ဂျာနယ်အမှုများ ပြန်ရုတ်သိမ်းရန်၊ ထုတ်ဝေခွင့် ပိတ်ထားသော The Voice နှင့် Envoy ဂျာနယ်များကို ပြန်လည်ထုတ်ဝေခွင့်ပေးရန် သတင်းမီဒီယာများနှင့် အမှုများ ဖြစ်နေခြင်းသည် ဒီမိုကရေစီဖော်ဆောင်မှုအတွက် အကျိုးမရှိကြောင်း ဦးသိန်းညွန့်က တင်ပြဆွေးနွေးရာတွင် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခဲ့သော ပါတီများမှာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားကွန်ဂရက်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြသည်။

No comments:

Post a Comment