Friday, March 29, 2013

မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသူများမှာ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ၀မ်းပျက်ဝမ်းလျှောခြင်းနှင့် အခြားဝေဒနာများ ခံစားနေရ

မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသူ အချို့မှာ ရာသီဥတု ပူပြင်းခြင်း၊ အမိုးအကာ မလုံလောက်ခြင်းနှင့် အိမ်သာ မလုံလောက်ခြင်း တို့ကြောင့် ကိုယ်လက်မအီမသာဖြစ်ကာ ၀မ်းပျက်၊ ၀မ်းလျှောဝေဒနာ များ ခံစားနေရကြောင်း သိရသည်။

"ရာသီဥတု အပြောင်းအလဲကြောင့် နည်းနည်းပါးပါး ၀မ်းလျှောတာပဲ ခရိုင်အားကစားဝင်း ထဲမှာ တွေ့ရ တယ်။ ဆရာဝန်တွေလည်း စောင့် ရှောက်မှု ပေးနေပါတယ်။ လမ်းအဝေးကြီး လျှောက်ရတာရယ်၊ စိတ်ပင် ပန်းမှု့ ဒဏ်တွေကြောင့် စိတ်ဓာတ်ကျနေတာတွေ၊ ကိုယ်လက်မအိမသာ ဖြစ်တာတွေလည်း ရှိပါတယ်၊ ကယ်ဆယ်ရေး စခန်းတွေကနေ မီးဖွားလူနာ နှစ်ယောက်ကို ဆေးရုံပို့ပေးခဲ့ရတာလည်းရှိတယ်၊ ကျွန်တော်တို့ ကြက်ခြေနီကတော့ နယ်ခံကြက်ခြေနီကော အခြားဝမ်းတွင်း သာစည်မြို့က ကြက်ခြေ နီတွေပါ လာပြီး အကူအညီပေးနေပါ တယ်" ဟု မိတ္ထီလာ ကြက်ခြေနီအသင်း ဒုတိယတန်း ခရိုင်ဦးစီးမှူး ကိုနေဦးမှ ပြောပြသည်။

"အဓိကကတော့ နေရာကျဉ်းကျဉ်းလေးနဲ့ လူများနေတာကြောင့် ၀မ်း ပျက်၊ ၀မ်းလျှောကို တွေ့လာရ ပါတယ်၊ နောက်အိမ်သာနဲ့ သန့်ရှင်းရေး အားနည်းနေတော့ ခရိုင်ကွင်းထဲမှာ ၀မ်းပျက်ဝမ်းလျှော အတွေ့ များ တယ်၊ နေပူလို့ ခေါင်းကိုက်တာတွေလည်း ရှိတယ်၊ အခြားတော့ ပွန်းပဲ့ဒဏ်ရာတွေ အတွေ့ရများတယ်၊ ပြဿနာတွေနဲ့ စိတ်ဖိစီးမှု များလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှု အားနည်းလာပြီး ရောဂါဝေဒနာ ၀င်လာနိုင်တယ်၊ ကယ်ဆယ်ရေး စခန်းတိုင်းမှာ ဒီလိုပြဿနာလေးတွေ တွေ့ရတယ်၊ ဆေးဝါး၊ ဓာတ်ဆားတော့ တတ်နိုင်သမျှ လှူထားတယ်” ဟု မိတ္ထီလာမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါက်တာဝင်းစိုးဦးမှ ပြောသည်။

မိတ္ထီလာမြို့ အထက (၁)၊ အထက (၃)၊ အထက (၅)၊ ပညာရေးကောလိပ်၊ ခရိုင်အားကစားကွင်း၊ မကျီးကုန်း ဘုန်းတော်ကြီးကျောင်း၊ သမုန်းကုန်း ဘုန်းတော်ကြီးကျောင်းနှင့် ကိုးန၀င်း ဘုန်းတော် ကြီးကျောင်းစသော ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် ၈၅၀၂ ဦး ခိုလှုံလျှက်ရှိကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment