Tuesday, August 21, 2012

မွတ်ဆလင်နိုင်ငံများ ဖြေရမည့် ဆီးရီးယား ပုစ္ဆာ

ဆီးရီးယားတွင် အစိုးရနှင့် အတိုက်အခံများ အကြား စစ်ပွဲ ဖြစ်ပွား ခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သေဆုံးသူ များလည်း တစ်သောင်းကျော် သွားခဲ့ကာ လူပေါင်းများစွာ မှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားလျက်ရှိသည်။ ဆီးရီးယား အရေးကို ကုလသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ် တို့က ၀င်ရောက် ဖြေရှင်း ပေးနေေ သ်ာလည်း ပြဿ နာမှာ ပြေလည် သွားခြင်း မရှိဘဲ တိုး၍သာ ဆိုးဝါး လာသည်ကိုတွေ့ရသည်။ ဤ အခြေအနေတွင်
ကမ္ဘာပေါ်ရှိ အစ္စလာမ်များ စုဖွဲ့ထားသော Origanisation of Islamic Cooperation (OIC) မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဆီးရီးယားကို OIC အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ထားလိုက်သည်။ ဤတွင်ဆီးရီးယားအရေးကို OIC အဖွဲ့အနေဖြင့် မည်မျှထိရောက်အောင်ဖြေရှင်းနိုင်မည်နည်း၊ OIC အဖွဲ့တွင်းရှိ အခြေအနေများမည်သို့ရှိမည်နည်း စသည်တို့ကို အရှေ့အလယ်ပိုင်း လေ့လာရေးဌာနမှ အကြီးတန်း သုတေသီ တစ်ဦးဖြစ်သူ Ed Husain ၏ အမြင်များကိုဖော်ပြလိုက်ပါသည်။
မေး : ဘာဖြစ်လို့ ဒီဆွေးနွေးပွဲ လုပ်တယ်လို့ထင်ပါသလဲ။ ဘယ်ကိစ္စ တွေကို ဆွေးနွေးကြမယ်လို့ထင်ပါ သလဲ။
ဖြေး ဒီဆွေးနွေးပွဲ လုပ်တဲ့ အချိန်အခါ နဲ့ အခြေအနေက စိတ်ဝင်စားစရာလည်း ကောင်းသလို အရေးလည်း ကြီးတယ်ဗျ။ ဒီဆွေးနွေးပွဲက မွတ်ဆလင် ဘာဘာဝင် တွေရဲ့ ရာမဒန် ဥပုသ်လ ကုန်ခါနီး နောက်ဆုံး သုံးရက်မှာ လုပ်တဲ့ ဆွေးနွေးပွဲဆိုတော့ တစ်ကမ္ဘာလုံးမှာ ဘာသာရေးနဲ့ ပတ်သက် ပြီး စိတ်ဓာတ်တွေနှိုးကြား တက်ကြွနေ တဲ့အချိန်ပေါ့ဗျာ။ ဒီဆွေးနွေးပွဲကို အရင် ကတော့ ပါကစ္စတန်က အစ္စလာမာဘတ် မြို့တို့၊ တခြားအာရပ် မွတ်ဆလင်နိုင်ငံ မြို့တော် တစ်ခုခုမှာပဲ လုပ်ခဲ့တာ။ ဒါပေမဲ့ အခုတစ်ခေါက် ကိုတော့ ဆော်ဒီအာရေး ဗီးယားနိုင်ငံ မက္ကာမြို့မှာ လုပ်မှာ ဆိုတော့ ဒီမြို့မှာက ဒီလို အဆင့် ဆွေးနွေးပွဲမျိုးကို ဆော်ဒီ အစိုးရ လက်ခံမှပဲ လုပ်လို့ရတာ မျိုးပါ။ သဘောကတော့ ဒီဆွေးနွေးပွဲ ကို ဆော်ဒီမှ လုပ်ခြင်းအားဖြင့် ဒေသတွင်း ရော၊ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ မွတ်ဆလင် အများစု ရှိတဲ့ နိုင်ငံတွေ အပေါ် ဆော်ဒီအာရေးဗီးယားအနေနဲ့ လွှမ်းမိုးနိုင်စွမ်း ရလာ နိုင်တာပေါ့ဗျာ။ မွတ်ဆလင်တွေ ရဲ့ခေါင်းဆောင်မှုရရှိဖို့၊ မွတ်ဆလင်တွေ ရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်ဖို့နဲ့ ပတ်သက် ပြီး အီရန်နဲ့ ဆော်ဒီအာရေးဗီးယားဟာ အရှေ့အလယ်ပိုင်းမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အခုလို ဆွေးနွေးပွဲကို ဆော်ဒီအာရေးဗီးယားမှာ လုပ်နိုင်လိုက်တဲ့ အခါကျတော့ အီရန်ရဲ့ အဆို သဘောထားတွေ အပေါ် စိန်ခေါ်မှု တွေပိုရှိလာနိုင်တယ်။ ဆော်ဒီအာရေးဗီး ယား ပြောနေပုံကတော့ “ကြည့်စမ်း၊ ငါတို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဆွန်နီ မွတ်ဆလင်အများစုတွေကို ဦးဆောင် နိုင်တုန်းပဲ” ဆိုပြီးတော့ပေါ့။
ဆီးရီးယားမှာ ဖြစ်နေတဲ့ ပဋိပက္ခ တွေနဲ့ပတ်သက်ပြီးပြောရရင် ဆီးရီးယား မှာရှိတဲ့ ဆွန်နီတွေကို မွတ်ဆလင် မဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့ အာလာဝိတ် ဘာသာဝင် ဆီးရီးယား အစိုးရက ချေမှုန်း နေတဲ့အပေါ် ဆော်ဒီတွေက စိတ်ဒုက္ခ ရောက်နေကြတာပါ။ ဆော်ဒီတွေနဲ့ ဆီးရီးယားတွေက မျိုးနွယ်အနေနဲ့ကလည်း အဆက်အစပ်တွေ ရှိနေကြတယ်။ ဒီတော့ ဆော်ဒီနဲ့ ဆီးရီးယားတွေရဲ့ဆက်ဆံရေး က ပုဂ္ဂိုလ်ရေး သဘောလို့တောင် ပြောလို့ ရတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဆီးရီးယားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို မွတ်ဆလင် အနေနဲ့ ဘာလုပ်နေနိုင်မလဲ၊ ဒါမှမဟုတ် ဆီးရီးယား ပဋိပက္ခကို တားဆီးနိုင်စွမ်း မရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နေ OIC အနေနဲ့ ဘယ်လိုသင်ခန်းစာ မျိုး ရယူကြမလဲဆိုတာ မေးခွန်း ထုတ်စရာ ပါပဲ။
မေး : ဒီ OIC အစည်းအဝေးကို အီရန်သမ္မတ အာမက်ဒီနေဂျက်လည်း တက်မယ်လေ။ တကယ်လို့ ဒီအစည်း အဝေးမှာ ဆီးရီယားကို OIC အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ ထားမယ်ဆိုရင် ဆီးရီးယား အစိုးရနဲ့ အဆင်ပြေတဲ့ အီရန်က ဘယ်လိုမျိုး တုံ့ပြန်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေး ဆီးရီးယားကို OIC အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ကိစ္စကို OIC အမှုဆောင် ကောင်စီကတော့ အတည်ပြု ပြီးပြီ။ ဒါကို OIC အစည်းအဝေးမှာ ချ ပြပြီး အတည်ပြုချက် ယူချင်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အီရန်နဲ့ တခြား နိုင်ငံတွေ အကြားမှာ တင်းမာမှု ရှိလာနိုင် ပါတယ်။ အီရန် ထောက်ပြ နိုင်တာကတော့ အရင်က အီရတ်မှာရော၊ ဟိုး အရင်က အီရန်မှာသာမက ဆူဒန်လို နိုင်ငံတွေမှာ လူသားမျိုးနွယ် အပေါ် ပြစ်မှု ကျူးလွန်တာမျိုးတွေ ရှိခဲ့ပေမယ့် သူတို့ကို OIC အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့တာမျိုး မရှိခဲ့ဘူး။ ဆိုတော့ အခုမှ ဆီးရီးယား ကို ဘာလို့ ဆိုင်းငံ့သလဲ ဆိုတာမျိုး ပြောလာနိုင်ပါတယ်။ နောက်ပြီး ဆီးရီးယား မှာလည်း အီရန်အပြင် အခြား မဟာမိတ် တွေရှိပါသေးတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်က ဒီလို အစည်းအဝေးမျိုးကို အီရန် က လုပ်တုန်းက ဆီးရီးယား အစိုးရကို ထောက်ခံတဲ့ အခြား မွတ်ဆလင်နိုင်ငံတွေ လည်း တက်ကြပါသေးတယ်။ ပါကစ္စတန် တို့၊ အီရတ်တို့ပေါ့။
ဒီအစည်းအဝေးမှာ ဆီးရီးယား ကိစ္စကတော့ အကြီးအကျယ် ငြင်းခုံကြ ရမှာပါ။ ဒါပေမဲ့ နောက်ဆုံးတော့လည်း လက်တွေ့အလုပ်ဖြစ်မယ့် အဖြေမျိုး ထွက်မလာနိုင်ပါဘူး။ အာရပ် အဖွဲ့ချုပ် ကတော့ ဆီးရီးယားကို အဖွဲ့ဝင် နိုင်ငံအဖြစ် ကနေ ဆိုင်းငံ့ထားပြီး ပါပြီ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘာမှ ထူးထူးခြားခြား ဖြစ်မလာပါဘူး။
မေး : ဆီးရီးယား ပဋိပက္ခက ဘာသာရေး အကွဲ၊ လူမျိုးရေး အကွဲအပြဲလို့ ဆိုနိုင်တော့ ဒေသတွင်း နိုင်ငံတွေအပေါ် ဘယ်လောက် အန္တရာယ် ပေးနိုင်မလဲ ဗျ။ ဆီးရီးယား မီးပွား လွင့်စဉ်တာ ခံရမယ့် ဒေသတွင်း နိုင်ငံတွေက ဘာတွေဖြစ် မလဲဗျ။
ဖြေး ပထမဆုံး မီးပွားလွင့်တာ ထိမယ့် နိုင်ငံကတော့ လက်ဘနွန်ပဲဗျ။ ဆီးရီးယားရဲ့ မီးပွား လက်ဘနွန်ကို လွင့်စဉ်သွားတာက တွေ့ခဲ့ရပြီး ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီးရီးယား ရဲ့လူမျိုးရေး၊ ဘာသာရေး ဂိုဏ်းဂဏ ဖွဲ့စည်းပုံမျိုးဟာ လက်ဘနွန်ဖွဲ့စည်းပုံ မျိုးကို ရောင်ပြန် ဟပ်စေပါတယ်။ လက်ဘနွန်နိုင်ငံမှာ ခရစ်ယာန်တွေ၊ ဆီးရီးယား သမ္မတ အာဆတ်လိုလား သူတွေ၊ အာဆတ်ကို ဆန့်ကျင်တဲ့ ဆွန်နီတွေရဲ့ ပဋိပက္ခ တွေကို တွေ့ရပြီးပါပြီ။
နောက်ပြီး လက်ဘနွန်က ဟစ်ဇ ဘိုလာအဖွဲ့ဆိုရင်လည်း ဆီးရီးယား သမ္မတအာဆတ်လိုလားသူတွေပါ။ ဒီတော့ လက်ဘနွန်က ဆီးရီးယားက လွင့်စဉ်မီးပွားကို ပထမဆုံးထိမယ့် နေရာ ပါ။ ပြီးရင်အီရတ်နောက်ကပါလာနိုင် တယ်။ နောက်ပြီးနယ်မြေချင်းထိနေတဲ့ အီရန်နဲ့ ဆီးရီးယားတို့ရဲ့ ပဋိပက္ခကို လည်း မေ့ထားလို့မရပါဘူး။ နောက် အစ္စရေးနဲ့ဂျော်ဒန်ကိုလည်း အတိုင်း အတာတစ်ခုထိ ရိုက်ခတ်နိုင်ပါတယ်။ နောက်တူရကီလည်းထိနိုင်တာပဲ။ အမြန် ဆုံးထိမယ့်နိုင်ငံကတော့ လက်ဘနွန် ပါပဲ။
မေးး OIC မှာ ဘာသာရေး ဂိုဏ်း ဂဏကရော ဘယ်လိုအခန်းကရှိပါ သလဲ။ အထူးသဖြင့် ဆူဖီအယူဝါဒနဲ့ ပတ်သက်လို့ပေါ့။
ဖြေး OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝန်း က မွတ်ဆလင် အစိုးရတွေကို ထင်ဟပ် နိုင်တဲ့အဖွဲ့အစည်းပါ။ ဒါပေမဲ့ အယူ ၀ါဒကွဲတဲ့ နိုင်ငံ သုံးလေးနိုင်ငံ လောက်တော့ ချွင်းချက် ရှိပါတယ်။ ဒီတော့ OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက ဆွန်နီ မွတ်ဆလင်အများစုကို ထင်ဟပ်စေတဲ့ အဖွဲ့ကြီးပါ။ ဒီမှာဆွန်နီမဟုတ်တဲ့ အီရန် တိုဟစ်ဇဘိုလာ အဖွဲ့တို့ကတော့ အရေးပါတဲ့ အဖွဲ့ဝင်တွေပေါ့။ သူတို့ ကတော့ ဒီအယူဝါဒ ကွဲပြားမှုကို ကိုင်ပြီး ကစား ချင်တာပေါ့။
ဆူဖီအယူဝါဒ ဆိုတာက ဆွန်နီနဲ့ ရှီးယိုက် ဘာသာရေး အယူဝါဒ ကြားက အယူဝါဒပါ။ ပါကစ္စတန်နဲ့ အင်ဒိုနီးရှား တို့မှာရှိတဲ့ မွတ်ဆလင် အများစုက ဆူဖီ အယူဝါဒ ရှိကြပါတယ်။ ဆိုမာလီယာမှ ဆိုရင်လည်း ဆူဖီ အယူဝါဒဘက်ကို ညွှတ်တာပါ။ ဒီတော့ ကမ္ဘာ့မွတ်ဆလင် အများစုက ဆွန်နီ အယူဝါဒကို လက်ခံ ကြတယ်။ သို့သော် သူတို့ထဲက အများ စုက ဆူဖီ အယူဝါဒ အလေ့အထတွေကို ကျင့်သုံးကြတယ်။ အီဂျစ်မှာ၊ အင်ဒိုနီးရှား မှာဆိုရင် ဆူဖီ အယူဝါဒကို လိုက်နာကြ တယ်။ ဒါပေမဲ့ ဆူဖီ အယူဝါဒက ဒီ လောက်ကြီး ဂိုဏ်းဂဏ သဘောမျိုး မဆောင် ပါဘူး။ အရှေ့အလယ်ပိုင်း နိုင်ငံရေးမှာ က ဆွန်နီ၊ ရှီးယိုက် အယူဝါဒကသာ အရေးပါတဲ့ နေရာများ ရှိနေတာပါ။
မေးး အီဂျစ်မှာ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့က သမ္မတ ဖြစ်လာခဲ့ တော့ ဒီကိစ္စက OIC အဖွဲ့တွင်း နိုင်ငံရေးကို ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
ဖြေး အရှေ့အလယ်ပိုင်း ဒေသ တစ်ခုလုံးမှာ အစ္စလာမ်မစ် ပုံစံ တစ်ခုခုကို တော့ ကြုံတွေ့ နေရတာပါ။ အီဂျစ်မှာ မွတ်ဆလင် ညီအစ်ကိုအဖွဲ့ အာဏာ ရလာ တာဟာ အစ္စလာမ်မစ်တွေထွက်ပေါ်လာ တယ်လို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆို တော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဖြစ် တည်တာ မျိုးတွေက အမြဲတမ်း ရှိနေတာ ပါ။ နောက်လည်း ရှိနေဦးမှာပါ။ အီဂျစ် က မွတ်ဆလင် ညီအစ်ကိုအဖွဲ့ ရုပ်လုံးပြ လာ နိုင်တာက နိုင်ငံရေး အရ ဖြစ်စေ၊ ခေတ်မီမှု အရ ဖြစ်စေ၊ ပြဿနာ ပဋိပက္ခ ရင်ဆိုင်ရေးမှာ ဖြစ်စေ၊ အစ္စလာမ် အယူ ၀ါဒ အရ ဖြစ်စေ ပုံစံသစ် တစ်မျိုး ပေါ်လာ တယ်လို့ ဆိုနိုင်ပါတယ်။ တူနီးရှားအစ၊ အီဂျစ်အလယ်၊ ယီမင်အဆုံး အခုဒီလို လမ်းကြောင်းတစ်ခုဖြစ်လာနေပါတယ်။ မေးရမယ့် မေးခွန်းက OIC အနေနဲ့ ဒီ အပေါ် ရဲရဲတင်းတင်း လက်ခံ ယုံကြည်နိုင် သလား ဆိုတာပါပဲ။
တူရကီကိုပဲ ကြည့်ပါ။ တူရကီဟာ တိုးတက်မှု ရှိတဲ့ ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်တဲ့ အစ္စလာမ်ပုံစံ အဖြစ်ဆုံးပါ။ ဒါပေမဲ့ တူရကီရဲ့စိတ်ခံစားမှု အရရော၊ မဟာဗျူဟာ အရကပါ ဘာသာရေး ဘောင်ထဲမှာပဲ ရှိနေတာ တွေ့ရပါတယ်။
အခု အခြေအနေကို ကြည့်မယ် ဆိုရင် အရှေ့အလယ်ပိုင်း မှာရှိတဲ့ တခြား အစ္စလာမ်မစ် အဖွဲ့အစည်း ဖြစ်တဲ့ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့လို၊ ဟား မစ် အဖွဲ့လို၊ တူရကီ AKP ပါတီလိုမျိုး တွေက လက်တွေ့ရလဒ် တစ်ခုခုရဖို့ အားသန်ကြတယ်။ ပြီးတော့ အဲဒီအဖွဲ့ တွေက တော်လှန်ရေးလို၊ ရွေးကောက်ပွဲ လိုမျိုး ကြီးကြီးမားမား ရုန်းကန် ခဲ့တာပါ။ OIC အဖွဲ့ကတော့ အဲဒီလို ရုန်းကန်ခဲ့ ရတာမျိုး မဟုတ်ပါဘူး။ OIC အဖွဲ့ဟာ ၁၉၆၉ ခုနှစ် လောက်မှာ ကျန်နေခဲ့တဲ့ အဖွဲ့ ဟောင်းကြီး တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီအဖွဲ့ဟာ ပါလက်စတိုင်း တွေရဲ့ အခွင့် အရေးနဲ့ ပတ်သက်ပြီးတော့လည်း ထူး ထူးခြားခြား လုပ်မပြ နိုင်ခဲ့ပါဘူး။ ၁၉၆၉ ခုနှစ်က စပြီး အရှေ့အလယ်ပိုင်းမှာ ဖြစ် တဲ့ အရေးကြီးတဲ့ ပဋိပက္ခတွေမှာ ဆိုရင် OIC ဟာ အရန်အဖွဲ့လောက် လို့ပဲ ဆိုရမှာ ပါ။ ဒီတော့ တခြားအဖွဲ့တွေရဲ့ အမြင် မှာ OIC ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ စကားပြော စင်မြင့် တစ်ခုလောက်လို့ ပဲ မြင်ကြတာပါ။OIC အဖွဲ့ဟာ ‘ စကားပြောစင်မြင့်’ ထက်သာတဲ့အဖွဲ့ မျိုး ဖြစ်နိုင်လောက်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိ ခေါင်း ဆောင်တွေ လက်ထက်မှာတော့ မဖြစ်နိုင် လောက်ဘူး။

From -TheVoiceweekly

No comments:

Post a Comment