Thursday, August 2, 2012

ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ပြတ်လပ်နေဟု ဒေသခံများက ပြော

ဖနိဒါ | ကြာသပတေးနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၀ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ယမန်နှစ် ဆန်စပါး အထွက်နည်းခဲ့သဖြင့် နယ်ကျေးရွာများတွင် ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု ပူတာအိုမြို့ခံများက ပြောသည်။


ပူတာအိုခရိုင်တွင် နှစ်စဉ် ဆန်ပြတ်လပ်မှု ဖြစ်လေ့ရှိသော်လည်း ယခုနှစ်မူ ပိုမိုခက်ခဲသည်ဟု သိရသည်။ ဆန်ဈေးအပြင် အခြား ဆား၊ ဆီ ဈေးနှုန်းများလည်း မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။

“ဒီနှစ်က လမ်းပန်းဆက်သွယ်ရေး မကောင်းလို့လေ။ ဆန်အထွက်က နည်း၊ လူက ပိုပိုပြီး များလာပြီးတော့ ဒီက ထွက်တာ မလုံလောက်ဘူးပေါ့။ ဆန်အထွက် နည်းတာက ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်တယ်။ ဒီနှစ် အဆိုးဆုံးပဲ။ အရင်တုန်းကလည်း ဆန်နှစ်ဗူးကို ၁,ဝဝဝ လောက် တနှစ်ရှိဖူးတယ်။ ဒါပေမယ့် လူ ဒီလောက်မရှိတော့ ကာလအတိုမှာပဲ ဖြစ်သွားတယ်” ဟု ပူတာအိုမြို့ခံ ကိုအဂျုံ က မဇ္ဈိမကို ပြောသည်။

မြို့ပေါ်တွင် နေထိုင်သူများက ဝယ်ယူစားသုံးနိုင်သော်လည်း မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် ဆန်ပြတ်လပ် လျက်ရှိသည်။ လက်ရှိဈေးနှုန်းမှာ ဆန်နို့ဆီးဗူး သုံးဗူးလျှင် ကျပ် ၁,ဝဝဝ၊ တပြည်လျှင် ၄,ဝဝဝ ကျပ်ဖြင့် ဝယ်ယူစားသုံး
နေရသည်ဟု ကိုအဂျုံးက ပြောသည်။

“မချမ်းဘောမြို့နယ်၊ နမ်ရှယ်ကော့ရွာတွေဆို မနက်ကျတော့ ထမင်းနည်းနည်းပါးပါးစား။ ညနေပိုင်းကျတော့ ဆန်ပြုတ် ရည်ပဲ သောက်နေရတယ်။ ပူတာအိုက ရွာတချို့မှာလည်း ဆန်တော်တော် ရှားနေတယ်။ ခု ရောင်းတဲ့ လူတွေက ဆန်ပေါ်တဲ့ အချိန်မှာ ဝယ်ထားတဲ့ လူတွေ နည်းနည်းပါးပါး ရောင်းတယ်။ အဲဒါလေးကို ဝေစား မျှစား လုပ်ကြတာ” ဟု သူက ဆက်ပြောသည်။

ဇွန်လအတွင်းက အဆိုပါ နမ်ရှယ်ကော့ကျေးရွာတွင် အစာရေစာ ရှားပါး၍ အာဟာရ ချို့တဲ့ကာ ကလေးငယ်နှင့် အသက်ကြီးသူ ခုနှစ်ဦးခန့် သေဆုံးသွားခဲ့ရသည်ဟု ဆိုသည်။

ပူတာအိုမြို့မှာ ၂၁၉ မိုင် ကွာဝေးသည့် မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးဖြင့်သာ အဓိကထား၍ သယ်ယူ ပို့ဆောင်ရ သည်။ မိုးတွင်းတွင် မော်တော်ကားဖြင့် သွားလာနိုင်ရန် ခက်ခဲသလို၊ KIO နှင့် အစိုးရအကြား တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။

No comments:

Post a Comment