Thursday, August 2, 2012

ဝ' တပ်ဖွဲ့နှင့် ရှမ်းတပ်ဖွဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုကို ဖြေရှင်း

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ ဝ' ပြည်  သွေးစည်းညီညွတ်ရေး  တပ်မတော် (UWSA) နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့ အကြား နားလည်မှု လွဲမှားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Fang ခရိုင်နှင့် မျက်နှာချင်းဆိုင် ဘက်ခြမ်းရှိ ရှမ်းပြည်နယ်တွင် ဖြစ်ပွါးခဲ့ရသည့် တင်းမာမှုများသည် ယခုအခါ ပြေလည်သွားပြီ  ဖြစ်ကြောင်း နှစ်ဘက်အရာရှိများကပြောသည်။


လွန်ခဲ့သည့် သီတင်းပတ်က UWSA ၏ တပ်မဟာ ၂၄၈ မှ တပ်ဖွဲ့များသည် SSA တပ်မဟာ ၇၂၇ ၏ လွယ်ဆမ်ဆစ်ပ် စခန်းအား ဝိုင်းရန် ထိုဒေသသို့ တပ်ဖွဲ့များ ရွှေ့ရာမှ တင်းမာမှု ဖြစ်ပေါ်လာခဲ့ရသည်။ UWSA သည် အင်းအားဖြည့်ယာဉ် စုစုပေါင်း အစီး ၂ဝ ခန့် အား SSA စစ်စခန်းဘက်သို့ စေလွှတ်ခဲ့ကြောင်း ဒေသတွင်းနှင့် ထိုင်းသတင်းရပ်ကွက်များက သျှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောကြားခဲ့သည်။

SSA ပြောရေးဆိုခွင့်ရှိသူ Teun Kherh က “ဒီမနက်မှာတော့ ယာဉ် ခြောက်စီးပဲ ကျန်တော့တာကို ကျနော်တို့ မြင်ခဲ့ရ ပါတယ်။ နားလည်မှု လွဲမှားတာတွေကို ဖြေရှင်းနိုင်ဖို့ အစောပိုင်းတုန်းက ကျနော်တို့ ကိုယ်စားလှယ်တယောက်
စေလွှတ်ခဲ့ပါတယ်” ဟု ဆိုသည်။

SSA တပ်မဟာ ၇၂၇ သည် ၎င်းတို့အခြေစိုက်စခန်း၏ အနောက်ဘက် ၃ မိုင်အကွာ ပုံတောင်း၌ တပ်စခန်းတခု အခြေစိုက်ရန် တပ်ဖွဲ့တဖွဲ့အား တာဝန်ပေးအပ်ရာမှ နားလည်မှု လွဲမှားခြင်းများ စတင်ခဲ့ပြီး ထိုဒေသသည် UWSA တပ်မဟာ ၂၄၈ ထိန်းချုပ်ထားရာ နယ်မြေ ဖြစ်သည်။ SSA က ဆိုရာတွင် ဆန်စပါးနှင့် သီးနှံများ စိုက်ပျိုးလိုသော ဒုက္ခသည်များအား လုံခြုံရေးပေးရန် ရည်ရွယ်၍ ထိုကဲ့သို့ တာဝန်ပေးအပ်ခြင်း ဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။

အစိုးရနှင့် SSA အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်မှစ၍ အကူအညီပေးရေး အဖွဲ့များထံမှ စားနပ်ရိက္ခာ အကူအညီများကို မရရှိတော့သဖြင့် ဒုက္ခသည်များ အနေဖြင့် စားနပ်ရိက္ခာ အခက်အခဲများကို ပိုမို ရင်ဆိုင်နေရသည်ဟု SSA က ဆိုသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အတွင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ SSA တပ်ဖွဲ့များ က ဝနယ်မြေအတွင်း စစ်စခန်းများ ထူထောင်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သဖြင့် နှစ်ဘက်အကြား တင်းမာ ခဲ့ကြပြီး ထိုသတင်းများမှာ နောက်ပိုင်းတွင် တိကျမှု မရှိကြောင်း သိရှိလာကြသည်။

“ကျနော်တို့ နှစ်ဘက်စလုံး အာရုံစိုက်သင့်တဲ့ အရာတခုကတော့ ဆက်လက် လုပ်ကိုင်နေဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပဲ
ဖြစ်ပါတယ်။ ကျနော်တို့အကြား ဘယ်လို တိုက်ခိုက်မှုမျိုးပဲ ဖြစ်လာဖြစ်လာ ကျနော်တို့ လမ်းချော်သွားမှာပါ” ဟု အမည်မဖော်လိုသူ SSA အရာရှိ တဦးက ဆိုသည်။

UWSA နှင့် SSA တို့ အကြား တိုက်ပွဲများမှာ ၂ဝဝ၅ ခုနှစ်တွင် နောက်ဆုံးဖြစ်ပွါးခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် UWSA နှင့် မြန်မာအစိုးရ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် SSA (တောင်ပိုင်း)နှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်။

No comments:

Post a Comment