Sunday, August 26, 2012

ပလက်ဖောင်းပေါ်မှ မြန်မာမလေးများ

အရင်တုန်း ကဆိုရင် ဒီအကြောင်းဟာ ရေးလို့မရတဲ့ အတွက် မျိုချ ပစ်လိုက်ရမှာပါ။ ခုတော့ရေးလို့ ရပြီထင်ပါတယ်။ ရေးပါရစေ နော်။ ကျွန်မဟာ ပလက်ဖောင်းပေါ်မှာ မတ် တတ်ရပ်ပြီး ဖောက် သည် စောင့်နေတဲ့ ကောင်မလေးတွေကို မြင်ဖူးတာ မကြာလှသေးပါဘူး။

အရင်တုန်းကလည်း ဒီလို မိန်းကလေးတွေ ရှိ တယ်လို့ ကြားဖူးပါတယ်။ မျက်ဝါးထင်ထင် မမြင်ဖူးပါဘူး။ မသဲကွဲတဲ့ အတွက် မထင်ရက် တာလည်း ပါပါတယ်။ မထင်ချင်တာလည်း ပါပါတယ်။ ကျွန်မကျောင်းသွားတဲ့ အချိန်စောရင် တော့ သူတို့ကို မတွေ့ရတတ်ပါဘူး။ မနက် ၁၁ နာရီလောက် အဲဒီနားကို ဖြတ်ရင် တွေ့ ရတတ် ပါတယ်။ ပြည်လမ်းခြောက်မိုင်ခွဲ မှတ်တိုင်နဲ့ ခပ်လှမ်းလှမ်းမှာ မတ်တတ် ရပ်နေတတ်ပါတယ်။ ဟိုဘက် ပလက်ဖောင်းမှာရော ဒီ ဘက် ပလက်ဖောင်းမှာပါ သူတို့ရဲ့ ပုံစံက သိပ်ကို သိသာလွန်းပါတယ်။


အသက်ငယ်ငယ် လေးတွေပါ။ အဲဒီမြင်ကွင်းကို မြင်တိုင်း ကျွန်မ ရင်ထဲမှာ မကောင်းလှဘူး။ နင့်နင့်နာ နာခံစားရတယ်။ ကောင်းရောင်းကောင်းဝယ် လုပ်မစားဘဲ ဒါမျိုး လုပ်စားရမလား ဆိုပြီး အဲဒီ မိန်ကလေးတွေကို အပြစ်တင်ရမလား။ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလှ တဲ့ ခေတ်အခြေအနေကို အပြစ်ပြောရမှာ လား။ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လို့ လက်ညှိုးထိုး ရမှာလား ဆိုတာကို လျှောက်စဉ်းစားနေမိတယ်။ တစ်နေ့မှာတော့ ၈ မိုင်မှတ်တိုင်ကနေ ပြီး ၅၁ ဘတ်စ်ကားကြီး စီးလာမိတယ်။ ကား က အတော်ချောင်တယ်။ ထိုင်စရာနေရာ တွေ အများကြီးပဲ။ ဒါပေမဲ့ ကောင်မလေး တစ်ယောက် ကတော့ မထိုင်ဘဲ ဆင်းတက် လုပ်တဲ့အပေါက်နားမှာ သံတိုင်းလေးကိုင်ပြီး မတ်တတ် ရပ်နေတယ်။ ကျွန်မက သူရပ်နေတဲ့ ဘက်ခြမ်း မဟုတ်တဲ့ဘက်မှာ ဆိုတော့ သူ့ကို ကောင်းကောင်းမြင်သာနေတယ်။ သူ့ပုံစံက ထူးခြားနေတယ်။ စပယ်ယာလုပ်တဲ့ ကောင်လေးတွေကလည်း သူ့ကို ဘာသိဘာသာ လုပ်နေတယ်။ ကျောနဲ့ရင်နဲ့ ကပ်နေလောက် အောင် ပိန်တယ်။ ဆံပင်ကို ရွှေအိုရောင်ဆိုး ထားပေမယ့် ဆေးအပေါစားနဲ့ ဆိုးထားမှန်း သိသာတယ်။ ဆံပင်က ခပ်ပွပွပဲ။ သူ့မျက်လုံး ကို ဆုံအောင် ကျွန်မလိုက်ကြည့်မိတယ်။ သူကသူ့မျက်လုံးတွေကို ကွယ်ထားသလိုပဲ။

ရှပ်အင်္ကျီပုံစံ ခပ်ကျပ်ကျပ် အင်္ကျီကို ဘောင်းဘီ အရှည်ကျပ်ကျပ်နဲ့ တွဲဝတ်ထားတယ်။ လက် မြှောက်ထားတဲ့အခါ တင်ပါးနဲ့ ခါးအသားတွေ က ပေါ်သွား တယ်။ ပြန်ဆွဲချပြီး ဖုံးလိုက်တာ တွေ့ရတယ်။ ကတ္တီပါဖိနပ် အပေါစားလေးစီး ထားပြီး ခြေသည်းကို စပျစ်သီးရောင် ဆိုးထား တာက လည်း ပျက်လု ပျက်ခင်ဖြစ်နေပြီ။ တော်တော်လေး ဆင်းရဲမယ့် ပုံပေါက်တယ်။ ထမင်းသုံးလေးရက် မစားရသေးတဲ့ ပုံစံလို မျိုးပဲ။ အသားအရေခြောက်တောက်တောက် နဲ့ လက်ဖျံလေးတွေကလည်း အရိုးပဲ ရှိတယ်။ ရောဂါတစ်ခုခု ရနေပြီလို့တောင် ထင်မိတယ်။ သူဟာ ကားပေါ်မှာ နေရာတွေရှိရက်နဲ့ ဘာ ကြောင့် မထိုင်တာလဲ။ ဘယ်သူ့ကိုမှမကြည့်ဘဲ သူ့မျက်လုံး အကြည့်ကို ကားရဲ့ဆင်း တက် ခြေ နင်းခုံဆီပို့ထားရတာလဲ။ ကျွန်မသူ့ကို ကြည့် ရင်း စဉ်းစားမိတာက သူဟာ ပလက်ဖောင်း မယ်လေးများလားလို့။ အဲဒီအချိန် မှာပဲ ကားကမှတ်တိုင်တစ်ခုမှာထိုးရပ်လိုက်ပါတယ်။ ကောင်မလေးက လှစ်ခနဲဆင်းသွားပါတယ်။ သူ့မှာ လက်ဗလာနဲ့နော်။ ပိုက်ဆံအိတ်တွေ ဘာတွေလည်း မပါဘူး။ မှတ်တိုင်ဆီ လှမ်း ကြည့်လိုက်တော့ သူ့ထက်ဝီရိယကောင်းတဲ့ သူ့လိုကောင်မလေး တစ်ယောက် ကို တွေ့ လိုက်ရတယ်။ ကျွန်မလှမ်းကြည့်တော့ မျက်လုံးကို အကြည့်လွှဲလိုက်တယ်။ ဒါဟာ သူ့အလုပ်ကို သူသိမ်ငယ်နေ တဲ့ သဘောပဲလို့ ကျွန်မထင်တယ်။ မှတ်တိုင်က ခြောက်မိုင်ခွဲ။ ဟိုကောင်မလေးဟာ ကျွန်မထင်တဲ့အတိုင်း ပလက်ဖောင်းမယ် ကလေးပေါ့။ အသက်က အလွန်ဆုံးရှိပါမှ ၁၆နှစ်၊ ၁၇ နှစ် ပေါ့။ သူ့ကို ကြည့်ရတာ အဲဒီအလုပ်မှာ အတော်ကျွမ်းဝင် နေတဲ့ပုံပဲ။

ကျွန်မ ရင်ထဲမှာ မကောင်းလိုက် တာ။ သူပျော်မွေ့လို့ လုပ်နေတာတော့ မဟုတ်လောက်ပါဘူး။ နောက်တစ်နေ့မှာ လည်း အဲဒီနေရာရောက်ရင် ကျွန်မမျက်လုံး တွေက သူ့ကိုရှာမိပြန်ရော။ အဲဒီနေ့ကတော့ သူက မနေ့ကထက်ပိုပြီးစောရောက်နေလေ ရဲ့။ အင်္ကျီအဖြူ ကိုယ်ကျပ်နဲ့ ဘောင်းဘီ ပန်း ရောင် တွဲဝတ်ထားတာကိုလည်း သတိထား မိတယ်။ ကျွန်မတို့ ကားဖြတ်ကျော်သွားပေမယ့် သူတို့ ကိုတော့ ငေးနိုင်သမျှငေးကြည့်နေ မိတယ်။ ပါဂျဲရိုးကားတစ်စီး ထိုးရပ်လိုက်တာ တွေ့တယ်။ သူတို့ကို နည်းနည်းကျော်ပြီးတော့ ရပ်လိုက်တာဖြစ်မယ်။ ပန်းရောင်ခြေထောက် နှစ်ချောင်း ပြေးလာတာကို အဝေးကနေ ကျွန်မမြင်နေသေးတယ်။ ကျွန်မတစ်ယောက် တည်း သက်ပြင်းတွေအကြိမ်ကြိမ်ချမိနေ တယ်။ ဟိုးအရင်တုန်းက ဒီလိုမျိုးပေါ်ပေါ် ထင်ထင် မမြင်ဖူးဘူး။ အဲဒီနားမှာနေတဲ့ ကာတွန်း ဦးဖေသိန်းသမီး မပွင့်ကိုပြောပြ မိတော့ သူဆီက ပြန်ကြား ရတဲ့စကားကြောင့် ကျွန်မပိုအံ့သြ ရတယ်။ တုန်လှုပ်ရတယ်။ "သူတို့ဈေးဆစ်နေတာကို နားထောင် ရင်း ငါ့ယောက်မလေး ကားတစ်စီး လွတ်သွား တယ်။ ခေါ်ဈေးက သုံးထောင်တဲ့။ အဲဒါ ဟိုဘက် က များလိုက်တာ လျှော့ပါဦးလို့ ပြောတယ်တဲ့" ဘုရားရေလို့ တလိုက်မိသူက ကျွန်မပါ။ မုန့်ဟင်းခါးတို့၊ အာပူလျှာပူ တို့ရောင်းစားရင် တောင် တစ်နေ့ကို သုံးထောင်လောက်က တော့ အသာလေး မြတ်မှာပါလို့ တွေးမိပြန် တယ်။ ကွမ်းယာရောင်းရင်လည်း တော်တော် မြတ်တယ်လို့ ကြားဖူးတယ်။ ဒါဆို သူတို့ကိုယ်တိုင် ကိုက ဒီအလုပ်မှာ ပျော်မွေ့နေတာများ လား။ စာမတတ်၊ ပေမတတ်၊ စာမဖတ်၊ ပေမ ဖတ်၊ မိဘ အုပ်ထိန်းသူမဲ့ မိန်ကလေးတွေမို့လို့ လား။ "လား" ပေါင်းများစွာက ကျွန်မခေါင်း ကို လာရောက် ထုနှက်နေပါတော့တယ်။ ဒါကိုခဏထားပြီး အခြားတစ်ဖက်ဆီတွေး ကြည့်မိပြန် တယ်။ အဲဒီ မိန်းကလေးတွေဟာ ဘာကြောင့် ဒီအလုပ်ကို လုပ်နေကြတာလဲ သူတို့ကို ဝယ်မယ့်သူ ရှိလို့ ဈေးဗန်းခင်းနေကြ တာ ကတော့ သေချာတယ်။ ဝယ်သူတွေက ဘယ်လို လူမျိုးတွေလဲ။ ကားအကောင်းစား ကြီးစီးတဲ့ သူတွေလား။ တက္ကစီ ဒါရိုက်ဘာတွေ လား။ ဒါမှမဟုတ် လမ်းလျှောက် ကိုယ်တော် တွေပဲလား။ ဒါကိုတော့ ပလက်ဖောင်းမယ် ကလေးတွေပဲ သိလိမ့်မယ်။ ထားပါတော့ ဘယ်လို လူမျိုးပဲဖြစ်ဖြစ်ပေါ့။ သူတို့ဟာ အမေ တစ်ယောက်စီက မွေးထုတ်လိုက်တဲ့သားတွေ ဖြစ်တယ် ဆိုတာကတော့ မငြင်းနိုင်ပါဘူး။

သူတို့မှာ မိန်းမလည်း ရှိနိုင်တယ်။ သမီးတွေ လည်းရှိနိုင်ပါတယ်။ ကိုယ့်သမီးအရွယ်၊ မြေး အရွယ်သာ ရှိတဲ့ မြန်မာမလေးတွေကို သမ္မာ အာဇီ ဝနည်းနဲ့ ကောင်းရောင်းကောင်း ဝယ် လုပ်မစားချင်အောင် မြေတောင်မြှောက်ပေး ရတာလဲ။ ရောဂါရပြီး တစ်ဘဝလုံးသေအောင် လုပ်ရတာလဲ။ အိမ်ထောင်ရှိတဲ့သူတွေ ဆိုရင်လည်း ကိုယ့်အိမ်ထောင်ဖက်ကို သစ္စာ မဲ့ရာကျတယ်လေ။ ပလက်ဖောင်းမယ်က လေးတွေဟာ ကိုယ်နဲ့လူမျိုး တူတဲ့ မြန်မာမ လေးတွေဖြစ်လို့ မိမိနိုင်ငံအပေါ်မှာလည်း သစ္စာမဲ့ရာ ကျပါ တယ်။ တွေးကြည့်ပါ။ လူပျို ကြီးလို့ နာမည်ခံထားတဲ့သူတွေ ဆိုရင်တော့ ပိုဆိုးပါတယ်။ မိန်းမတစ်ယောက်ကို တင့်တောင့် တင့်တယ် ယူပြီး ယောက်ျားပီပီသသ လုပ်ကျွေးဖို့ မစဉ်းစားဘဲ တာဝန်မဲ့စိတ်နဲ့ တစ်ကိုယ်ကောင်းဆန်တာ မကောင်းလှပါ ဘူး။ နှမချင်း စာနာဖို့ကောင်းပါတယ်။ ကိုယ့် နှမလေးတွေကို ကိုယ်ချစ်သလို ပလက်ဖောင်း မယ်ကလေးတွေကိုလည်း နှမလေးလို သဘောထားလိုက်ပါ။ ဝယ်စားမယ့်သူမရှိရင် ရောင်းမယ့်သူလည်း ဈေးဗန်းခင်းနိုင်တော့ မှာမဟုတ်ဘူး။

"အူမမတောင့်ရင် သီလမစောင့် နိုင်ဘူး" ဆိုတဲ့စကားဟာလည်း လူပျင်းတွေ၊ အချောင်သမားတွေရဲ့ လက်သုံးစကား သာ ဖြစ်ပါတယ်။ မိကျောင်းမင်း ရေခင်းပြ တာ တော့မဟုတ်ပါဘူး။ ပြောသာပြောရတာ။ ကျွန်မရေးတဲ့စာကို ဘယ်သူတွေကဖတ်ပြီး ဆင်ခြင်ကြ မှာလဲ လို့ တွေးပြီး အားငယ်စိတ် လည်းဖြစ်ရပါတယ်။ ကျွန်မကျောင်းသွား ကျောင်းပြန်တဲ့အခါတိုင်း မြင်မြင်နေရတာမို့ ဒီလိုရေးမိခြင်း လည်းဖြစ်ပါတယ်။ နောက်တစ်နေ့ ကျောင်းသွားချိန် စောတဲ့ အခါမှာတော့ အဲဒီကောင်မလေးတွေကို မတွေ့ရပါဘူး။ လမ်းမပေါ်မှာလူတွေ၊ ဘတ်စ် ကားတွေပေါ်မှာ လူတွေ ကိုယ့်အလုပ်ကိုယ် သွားနေကြတဲ့အချိန်မှာ သူတို့အိပ်လို့ကောင်း တုန်းထင်ပါရဲ့။တစ်ခါတစ်ရံမှာ ကျွန်မကျောင်း ပြန်တဲ့ ညနေ ၃နာရီ အချိန်လောက်မှာ သူတို့ တွေကိုတွေ့ရသေးတယ်။ ဝယ်သူမတွေ့သေး လို့ လားမသိဘူး။ ခုလို နေပူပူ၊ နွေပူပူမှာ ပလက်ဖောင်းပေါ် မတ်တတ်ရပ်ပြီး သူတို့ဟာ ဘာလဲဆိုတာ သိသာအောင်ပြင်ဆင်ထားတဲ့ မျက်ဝန်းမှိန်မှိန်နဲ့ မိန်းကလေးတွေဟာ မြန်မာမလေးတွေပါဆိုတာ မဟာပုရိသများ နှလုံးသွင်း ထားစေချင်ပါတယ်။ မဟာပုရိသ များ လည်း မြန်မာတွေပဲ မဟုတ်ပါလား။

No comments:

Post a Comment