Wednesday, September 26, 2012

စုံစမ်းရေးကော်မရှင် အစ္စလာမ်ဘာသာဝင်များနှင့်မတွေ့ဟူသောသတင်း လုံးဝမှားယွင်းဟု ဇာဂနာပြော

ပြည်ပသတင်းမီဒီယာများနှင့် လူမှုရေးကွန်ရက်တို့တွင် ရေးသားဖော်ပြနေကြသော စုံစမ်းရေးကော်မရှင်က ရခိုင်ပြည်နယ် ခရီးစဉ်တွင် အစ္စလာမ်ဘာသာဝင်များနှင့် မတွေ့ဆုံခဲ့ဆိုသော သတင်းအချက်အလက်မှာ ၁၀၀ ရာခိုင်နှုန်း လွဲမှားကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ကိုဇာဂနာကပြောသည်။
“ကျွန်တော်တို့ ရွှေရင်အေးရွာကအပြန် ညောင်ချောင်းရွာ (မောင်တောမြို့နယ်)မှာ တစ်နာရီလောက် ကားရပ်ပြီး ကိုကိုကြီး
အပါအ၀င် တစ်ဖွဲ့လုံးက တစ်ယောက်ခြင်းစီ တွေ့သလို ကျွန်တော်နဲ့ ကိုကျော်ရင်လှိုင်က ရွာထဲအထိ ၀င်သွားပါတယ်။ လုံခြုံရေးအဖွဲ့တွေက မ၀င်ဖို့ မေတ္တာရပ်ခံတာတောင် တစ်အိမ်တက်ဆင်း ၀င်ပြီးတော့ တွေ့ပြီးဆွေးနွေးခဲ့လို့ အချက်အလက်တွေ ရခဲ့ပါတယ်”ဟု စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကိုဇာဂနာကပြောသည်။
ထို့အပြင် မောင်တောမြို့တွင် ဗလီတစ်ခုနှင့် အာရဗီဘာသာ စာသင်ကျောင်းတစ်ခု၌ လုံခြုံရေးအဖွဲ့ဝင်များကို အပြင်ထွက်ခိုင်း၍ ဒေသခံများနှင့် တွေ့ဆုံခဲ့သည့်အတွက် နိုင်ငံတကာ မီဒီယာအချို့နှင့် ဖေ့စ်ဘွတ်ခ်အင်တာနက် စာမျက်နှာများတွင် ရေးသားနေသော သတင်းမှာ ၁၀၀ ရာခိုင်နှုန်း မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။
ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်ဖြူမြို့နယ်များရှိ ဒုက္ခသည်စခန်းများ အပါအ၀င် ကျေးရွာများမှ ရခိုင်တိုင်းရင်းသား ၁၈၂ ဦးနှင့် အစ္စလာမ်ဘာသာဝင် ၂၁၀ ဦးအား တွေ့ဆုံခဲ့သည်။
ရခိုင်တိုင်းရင်းသား ၅,၀၀၀ ကျော်နှင့် အစ္စလာမ်ဘာသာဝင် ၆,၀၀၀ ကျော် အတူနေထိုင်ပြီး မည်သည့်ပြဿနာမှ မဖြစ်ခဲ့သည့် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကိုပါ သွားရောက်လေ့လာခဲ့သည်။ အစီရင်ခံစာကို ရခိုင်တစ်ပြည်လုံးကို သုတေသန စစ်တမ်းကောက်ပြီးမှ ရေးသားမည်ဖြစ်သည်။
From-7DayNewsJournal

No comments:

Post a Comment