Monday, September 24, 2012

နယ်စပ်ရှိစေတီတော်တဆူအား ဆေးအဖြူရောင်သာသုတ်ရမည်ဟု ဒေသတွင်းသာသနာနုဂ္ဂဟ အသင်း နှင့်သံဃာတော်တို့က သဘောတူကြေငြာ

White_tiger_pagoda_middle_of_Numkham
ကျားဖြူစေတီအား ထီးတော်တင်စဉ်
၂၀၀၉ ကတည်းက မူလအဖြူရောင်မှ စစ်အာဏာရှင်များ က ရွှေရောင်ဆေးဆိုးလိုက်သော သျှမ်းပြည်မြောက်ပိုင်း တရုတ် နယ်စပ် နမ့်ခမ်းမြို့လယ် ကျားဖြူစေတီတော်အား ယနေ့မှစ၍ ဆေးအဖြူရောင်သာသုတ်ရမည်ဟု သာသနာနုဂ္ဂဟ အသင်း နှင့်သံဃာတော်တို့က သဘောတူကြေငြာလိုက်ကြောင်း သိရသည်။



 
“သမိုင်းအစဉ်အဆက်က ဆေးဖြူဘဲသုတ်ထားတယ်။ ဘိုးဘွားတွေရဲ့ယုံကြည်ချက်အရ အရောင်ပြောင်း သုတ်ရင် မြို့ခိုက် တယ်။ ဒါကြောင့် ခုချိန်ကစပြီး  အဖြူရောင်ဆေးဘဲသုတ်ဖို့ သဘောတူညီချက်ချကြတယ်။ ထီးတင်ပွဲမှာကြေငြာလိုက်တာ” ဟု ကမကထပြုကြသော နိုင်ငံရေးပါတီဝင်များကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့လယ်ရှိ ကျားဖြူစေတီတော်ကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ ကမကထပြု၍ ထီးတော် တင်အခမ်းအနားကို ယခုလ ၂၀ ရက် မနက် ၅ နာရီက ကျင်းပရာတွင် တက်ရောက်လာသည့် ပရိသတ်များအား သာသနာနုဂ္ဂဟအသင်းက ထိုသို့ ကြေငြာခဲ့သည်။

“ထီးတင်ပွဲကို မြို့တွင်း ဘုန်းကြီးကျောင်း ၉ ကျောင်းက သံဃာ ၉ ပါး ဦးဆောင်တယ်။ အလှူရှင်တွေဖြစ်တဲ့ ကျားဖြူ ပါတီနဲ့ကျားခေါင်းပါတီတွေက ထီးတော်ကို စဝ်ကော်မိဏ်းကျောင်းတိုက်ကနေပြီး စေတီရှိရာကိုသယ်ဆောင်ပေးတယ်။ ပရိသတ်တွေကလဲ တက်တက်ကြွကြွဘဲ။ သူတို့တွေ အရမ်းပျော်ကြတယ်။ မိမိမြို့ကသမိုင်းဝင်စေတီကို အဖြူရောင် ဆေးပြန်သုတ်ရလို့လေ။ခုလို သျှမ်းအမျိုးသားတွေကို ကိုယ်စားပြုမယ့် နိုင်ငံရေးပါတီတွေကလဲ တတပ်တအားဦးဆောင်ပေး တော့ မြို့ခံတွေက ဝမ်းသာကြတယ်” ဟု ပွဲတက်ရောက်သူ မူဆယ်ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မြို့ခံလူထုနှင့် သျှမ်းပါတီ ၂ ခုအပြင် သျှမ်းပြည်တပ်မတော် ၇၀၁ စစ်ဒေသမှလည်း ကျပ်ငွေ တစ်သိန်း၊ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကျပ်ငွေ တစ်သိန်း၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်ထွေအုပ်တို့ကလည်း တစ်သိန်းစီ ထည့်ဝင်လှူဒါန်းကြကြောင်း  မနက် ၉ နာရီအချိန်  ရသုံးငွေစာရင်းရှင်းတမ်းဖတ်ကြားရာ၌ ဖတ်ကြားပြသည်။

 ၂၀၀၉  က နမ့်ခမ်းမြို့လယ်ရှိ သမိုင်းဝင်ကျားဖြူစေတီတော်ကြီးအား နအဖစစ်အာဏာပိုင် လက်ထက် တာဝန် ကျ မြို့နယ်ရဲမှူးကြီးလှဝင်း က ဦးဆောင်ပြီး  မူလသဘာဝ အဖြူရောင်မှ ရွှေရောင်ဆေးသုတ်ခဲ့သဖြင့် နာမ်နှိမ်ခြင်းတမျိုးဖြစ်သည်ဟု ဒေသခံများယူဆကာ မကျေမနပ်ဖြစ်ခဲ့ကြသည်၏။ ထိုနောက်ပိုင်း နမ့်ခမ်းမြို့တွင်း၌ စီးပွါးရေး၊ အကျင့်စာရိတ္တ ကျဆင်းကာ ရာဇဝတ်မှုများ ဆက်တိုက်ဆက်တိုက်ပိုမိုများပြားလာခဲ့သည်ဟု ရပ်မိရပ်ဖများကပြောကြသည်။

ထိုအချက်များကြောင့် ကျားဖြူပါတီနှင့် ကျားခေါင်းပါတီတို့ပူးပေါင်းကာ စေတီတော်ပြုပြင်မွမ်းမံရန်အတွက်  သာသနာ နုဂ္ဂဟ အသင်းမှတဆင့် မြို့နယ်သာသနာရေးကို စာတင်ခွင့်ပြုချက်တောင်းခံခြင်းဖြစ်ကြောင်းလည်း ကျားဖြူပါတီဝင်များက ပြောသည်။

နမ့်ခမ်းမြို့တွင် လွန်ခဲ့သောနှစ်ပေါင်းရာချီက ကျားဖြူမင်းရှိခဲ့ကြောင်း အဆိုပါကျားဖြူမင်းက နမ့်ခမ်းလူထုအား အန္တရာယ် မပြုသည့်အပြင် ကာကွယ်စောင့်ရှောက်မှုပေးခဲ့သဖြင့် လူထုတို့၏စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ကျန်းမာချမ်းသာ နေထိုင်လာခဲ့ရကြောင်း၊ ကျားဖြူမင်း မရှိတော့သည့်နောက်ပိုင်း နမ့်ခမ်းအား မြို့အဖြစ်စတင်တည်ထောင်သည့် အေဒီ ၁၇၇၇ ခန့်က မြို့သူမြို့သား များက ကျားဖြူမင်းအားရည်စူးပြီး နမ့်ခမ်းမြို့လယ်၌ ကျားဖြူ စေတီတော်တည်ဆောက် လှူဒါန်းခဲ့ ကြောင်း၊ ဒုတိယ ကမ္ဘာစစ်က ဗုံးဒဏ်ထိမှန်သော်လည်း စေတီတော်၏ဘုန်းတန်ခိုးကြောင့် မဟာမိတ်စစ်သည်များ ထိခိုက် ဒဏ်ရာ ရရှိခြင်းမရှိ ဟုယူဆသဖြင့် ကျားဖြူစေတီတော်၏ ဘုန်းရောင်ပိုမို ထင်ရှားလာခဲ့ကြောင်း နမ့်ခမ်းမြို့ သာသာနာ့ နုဂ္ဂဟအသင်းဝင်များက ပြောပြ ပါသည်။
 
From -သျှမ်းသံတော်ဆင့်

No comments:

Post a Comment