Tuesday, September 18, 2012

ကျားဘမ်း ပရုတ်ဆီ ပြည်တော် ပြန်ဝင်

ရန်ကုန်၊ စက်တင်ဘာ ၁၈ နှစ်ပေါင်း တစ်ရာ ကျော်ခန့်က မြန်မာပြည်တွင် စတင် ထုတ်လုပ် အောင်မြင်ပြီး မြန်မာ ပြည်သူများ အကြားတွင် ကျားဘမ်း ပရုတ်ဆီဟု နာမည် ကျော်ကြား ခဲ့သော Tiger Balm အမှတ် တံဆိပ် ပရုတ်ဆီ များကို မြန်မာနိုင်ငံ အတွင်း ပြန်လည် ဖြန့်ဖြူး မည်ဖြစ်ကြောင်း Tiger Balm ၏ စင်ကာပူ အခြေစိုက် မိခင် ကုမ္ပဏီ ဖြစ်သော ဟောပါ ကော်ပိုရေးရှင်း လီမိတက်၏ ဥက္ကဋ္ဌနှင့် စီအီးအို မစ္စတာဝီအီလင်းက ပြောကြားသည်။

“Tiger Balm အတွက်တော့ မွေးရပ်မြေကို ပြန်လာတာပါပဲ။ Tiger Balm ဟာ မြန်မာပြည်သူ တွေရဲ့ ကျန်းမာရေး ကို နောက်တစ်ခါ ပြန်ပြီးတော့ အကျိုးပြု နိုင်တော့မှာပါ” ဟု မစ္စတာ ဝီအီလင်းက ပြောကြား သည်။
Tiger Balm ပရုတ်ဆီကို ၁၉၀၈ ခုနှစ်တွင် တရုတ် နန်းတွင်း သုံး ဆေးဆရာ အောချူကင်၏ သားနှစ်ဦးက ရန်ကုန်တွင် စတင် ထုတ်လုပ် ဖြန့်ဖြူးခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် ရန်ကုန်မှ စင်ကာပူနိုင်ငံ အထိ ချဲ့ ထွင် ရင်းနှီးမြှုပ်နှံ ခဲ့ပြီး ယင်း စင်ကာပူ အခြေစိုက် ဟောပါး ကော်ပိုရေးရှင်း လီမိတက်မှာ Tiger Balm ၏ မိခင် ကုမ္ပဏီဖြစ်ပြီး ၁၉၆၉ ခုနှစ် တွင် စတင် ဖွဲ့စည်း ခဲ့သည်။

မြန်မာနိုင်ငံသို့ Tiger Balm အမှတ် တံဆိပ် ပရုတ်ဆီကို အနီရောင်၊ အဖြူရောင် အပြင် အနာ ကပ် ပလာစတာ နှင့် လိမ်းဆေးဆီ တို့ကိုပါ ဖြန့်ဖြူးမည် ဖြစ်ပြီး တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဖြန့်ချိမည် ဖြစ်ကြောင်း သုခ ဓန ကုမ္ပဏီ လီမီတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်ဝင်းလှိုင်က ပြောကြားသည်။

Tiger Balm ပရုတ်ဆီကို နိုင်ငံပေါင်း တစ်ရာကျော်သို့ ဖြန့်ချိလျက် ရှိပြီး ဂျာမနီ၊ ဟောင်ကောင်၊ ဂျပန်၊ ဆွီဒင်၊ အင်္ဂလန်နှင့် အမေရိက နိုင်ငံများမှ ဆေးဝါး ဗဟို ဌာနများ၏ အပြည့် အဝ အာမခံချက် ပေးထား သည်ဟု ၎င်းတို့ထံမှ သိရသည်။
From -TheVoiceWeekly

No comments:

Post a Comment