Saturday, September 15, 2012

အွန်လိုင်း ဘဏ်စနစ်နှင့် လုံခြုံရေး ကဒ်များ ပြုလုပ်ခြင်း တစ်နေရာတည်း အပြီးသတ် ဝန်ဆောင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၄ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်း အပါအဝင် ပုဂ္ဂလိက ဘဏ်များ၏ အွန်လိုင်း ဝန်ဆောင်မှုများ အတွက် အဓိက လိုအပ်ချက်များ ဖြစ်သော ငွေအသွင်းအထုတ် စက်များ တပ်ဆင်ခြင်းနှင့် လုံခြုံရေးကဒ်များပြုလုပ်ခြင်းကို Be One Group of Companies က တစ်နေရာတည်း အပြီးသတ် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ International Operation Director Mr. M John Aung Tu က ပြောကြားသည်။

ဘဏ်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ရသည့် ငွေကြေး လွှဲပြောင်းခြင်း၊ ATM ငွေထုတ်စက်များ တပ်ဆင်ခြင်း၊ Credit Card, Debit Card များ ပြုလုပ်ခြင်း ကိစ္စ ရပ်များတွင် တပ်ဆင်ရမည့် အခြေခံ အဆောက်အဦး Software, Hardware များကို ကုမ္ပဏီ တစ်ခုချင်းစီ ရှာဖွေ ချိတ်ဆက်ရန် မလိုဘဲ ၎င်းတို့ ကုမ္ပဏီက နိုင်ငံတကာ Software, Hardware ကုမ္ပဏီများနှင့် ကြားခံ ချိတ်ဆက်ကာ တပ်ဆင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

တရုတ်၊ မလေးရှား၊ ပါကစ္စတန် နိုင်ငံတို့မှ အဆိုပါ စနစ် တပ်ဆင် ထုတ်လုပ်နေသည့် ကုမ္ပဏီများက မည်သည့် နေရာတွင် မဆို အသုံးပြုနိုင်မည့် စနစ် တစ်မျိုးတည်းဖြင့်သာ စက်များ၊ ကဒ်များကိုသာ တပ်ဆင်မည် ဖြစ်သည့် အတွက် သုံးစွဲသူများ လွယ်ကူ သက်သာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"စက်တင်ဘာလ ၁၉ ရက်နေ့မှာ အဲ့ဒီ ကုမ္ပဏီက အရာရှိတွေ ရန်ကုန်ကို လာပြီး ဆွေးနွေး ပြောကြားဖို့ ရှိပါတယ်။ ဒီက ဘဏ်လုပ်ငန်းရှင် တွေကိုလည်း ဖိတ်ခေါ် ထားပါတယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာ အရှေ့တိုင်းဘဏ်မှ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးသန်းဝင်းကမူ ၎င်းတို့ဘဏ်မှာ Visa Card နှင့် ချိတ်ဆက် လုပ်ကိုင်နေပြီး လက်ရှိတွင် ဘဏ်များအားလုံး၏ ငွေပေးချေမှု စံနှုန်း တစ်ရပ်တည်းဖြင့် MPU(Myanmar Payment Union) ရှိနေပြီ ဖြစ်ကြောင်း ပြောကြားသည်။

"အခုဘဏ်တွေက MPU ဆိုပြီး တစ်သုတ် ထွက်နေပြီဆိုတော့ နောက်ပိုင်းမှ ကတ်တွေ လုပ်လို့ရလိမ့်မယ်"ဟု ဦးသန်းဝင်းက Be One ကုမ္ပဏီ၏ ဝန်ဆောင်မှု အပေါ် သုံးသပ်သည်။
 
 
From -TheVoiceWeekly

No comments:

Post a Comment