Friday, September 28, 2012

ဆက်ကြေးတိုးကောက်၍ ထုံးဈေးမြောက်နေ

ရှမ်းမြောက်တွင် တောတွင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်ကြေးအခွန် တိုးမြှင့်ကောက်ခံမှုများ နှင့် လောင်စာ ထင်းဈေး မြင့်တက် လာမှုများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးထုံးဈေးမှာ မြင့်တက်လာ ကြောင်း ထုံးလုပ်ငန်းရှင်များထံက သိရသည်။

 
အရင်က တစ်နှစ်စာအခွန်ကို သုံးသောင်းပဲပေးရတာ၊ ၂၀၁၂ စက်တင်ဘာလရောက်တော့ ထုံးဖို တစ်ဖိုကို တစ်နှစ်စာ ဆက်ကြေး (၅)သိန်း တောင်းတယ်၊ ထင်းဈေးကလဲ တစ်လံကို (၈)ထောင်ကနေ တစ်သောင်းခွဲအထိ ခုန်တက်လာတော့ ထုံးဖုတ်ရတာ မကိုက်တော့ဘူးဟု ကျောက်မဲမြို့နယ်အတွင်း ရှိ ထုံးဖုတ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 
ဆောက်လုပ်ရေးလုပ်ငန်းသုံး ထုံးထုတ်လုပ်ရာ ထုံးဖိုများသို့ တောတွင်းလက်နက်ကိုင်တပ်ဖွဲ့များမှ အခွန်ဆက်ကြေး တိုးမြှင့်ကောက်ခံမှုများကြောင့် ထုံးလုပ်ငန်းရှင်အချို့ လုပ်ငန်းများရပ်နားလိုက်ရပြီး ထုံးဈေးမှာလဲ ရုတ်တရက်မြင့်တက်လာရခြင်း ဖြစ်သည်။

တစ်လအတွင်း ထုံးတစ်ကျင်းကို နှစ်သောင်းလောက်ဈေးတက်လာတော့ အရင်က ထုံးဈေးနဲ့ တန်ဖိုးဖြတ်ထားတဲ့လုပ်ငန်းတွေက အမြတ်နည်းနည်းပဲ ရတော့တယ်ဟု ကျောက်မဲမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးစိုးက ပြောသည်။
 
အဆိုပါ ဆောက်လုပ်ရေးသုံး ထုံးဈေးမှာ ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ထိ တစ်ကျင်း ( ကုဗပေတစ်ရာ)လျှင် (၈)သောင်းကျပ်သာရှိခဲ့ပြီး စက်တင်ဘာလ၏ ဒုတိယလပတ်မှစ၍ တစ်သိန်းဝန်းကျင်ထိ ဈေးနှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
 
တောင်ယာခုတ်ထွင်ခြင်းနှင့် လောင်စာထင်းခုတ်ထွင်မှုများ တစ်ဖြည်းဖြည်းများပြားလာမှုကြောင့်  လောင်စာထင်းများလည်း ရှားပါးလာကာ တန်ဖိုးမြင့်တက်လာခြင်းဖြစ်ကြောင်းကိုလည်း ထင်းအသုံးပြုသူများထံက သိရှိရသည်။
 
ဆောက်လုပ်ရေးလုပ်ငန်းသုံး ထုံးထုတ်လုပ်ရာတွင် ထုံးဖိုများနှင့် မီးသွေးဖိုများကို မြို့နှင့်အလှမ်း ကွာဝေးသည့် တောနက်များထဲတွင် ဖုတ်ရသဖြင့်  တောတွင်းလက်နက်ကိုင်တပ်ဖွဲ့များကို နှစ်စဉ်အခွန်ပေးဆောင်ရပြီး ထုံး နှင့် မီးသွေးဖုတ် လုပ်ငန်းရှင်များအနေဖြင့် သစ်တောဦးစီးဌာနများသို့ လည်း အခွန်ပေးဆောင်ရကြောင်း ၄င်းလုပ်ငန်းရှင်တို့က ဆိုသည်။
 
တိုက်တာနှင့် အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းများအတွက် ထုံးမှာ မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းတစ်ခုဖြစ်ပြီး ထုံးဈေးမြင့်တက်လာမှုကြောင့် ဆောက်လုပ်မှုကုန်ကျစရိတ်မှာလည်း မြင့်တက်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံက သိရသည်။
From-မြစ်မခ

No comments:

Post a Comment