Wednesday, September 26, 2012

မေ့မြောနေရာမှ သတိပြန်ရလာသည့် အမျိုးသမီး ၁၃ နှစ်ကြာ မှတ်ဉာဏ်များပျောက်ဆုံး

ဗြိတိန်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ကိုမာဝင်ကာ မေ့မြောနေပြီးနောက် ပြန်သတိလည်လာချိန်တွင် (၁၃)နှစ်ကြာ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး ကလေး(၃)ဦး၏ မိခင်ဖြစ်သော ဆာရာသွမ်ဆင်သည် သူမနိုးထလာချိန်တွင် (၁၉၉၈)ခုနှစ်ဆီက မှတ်ဉာဏ်များထံ ပြန်လည် ရောက်ရှိသွားသည်။ သူမကိုယ်သူမ ဆယ်ကျော်သက်တစ်ဦးဟု ထင်မှတ်နေပြီး ခင်ပွန်းသည်ကိုလည်း မမှတ်မိတော့ချေ။ သူမသည် Spice Girlsအဖွဲ့ မပြိုကွဲသေးဘဲ ကမ္ဘာသိ အောင်မြင်မှုများ ရရှိနေဆဲဟု ထင်မှတ်နေသလို မိုက်ကယ်ဂျက်ဆင် သေဆုံးသွားသည်ကိုလည်း မသိရှိတော့ဘဲ ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။




ဆာရာက သူမစိတ်ထဲတွင် မိမိအသက်သည် (၁၉)နှစ်သာ ရှိနေသေးသည်ဟု ထင်မှတ်မိကြောင်း ဝန်ခံခဲ့သည်။ သူမသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက (၁၀)ရက်ကြာ အလေးအနက် ကုသမှုများကို ခံယူခဲ့ရပြီးနောက် သတိလည်လာချိန်တွင် ယခုလို အတိတ်အချိန် အပိုင်းအစများအား မေ့ပျောက်သွားခြင်း ဖြစ်သည်။ ဆာရာသည် ကျောရိုးမကြီး အနီးရှိ သွေးကြောများ နေရာမှားယွင်းမှု ဖြစ်ပေါ်ပြီးနောက် ဦးနှောက်အတွင်း သွေးခဲခဲ့ရာ ယင်းကို ခွဲထုတ် ဖယ်ရှားခဲ့ရသည်။ သူမသည် ခွဲစိတ်မှုအပြီး ကိုမာဝင်နေခဲ့ရာ ပြန်သတိရလာချိန်တွင် မှတ်ဉာဏ်ပျောက်ဆုံးမှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။



သူမသည် ITပညာရှင် တစ်ဦးဖြစ်သော ခင်ပွန်းသည်ကို မမှတ်မိဘဲ ယခင် ခင်ပွန်းဟောင်းနှင့် ပေါင်းသင်းနေဆဲဟု ထင်မှတ်မိကြောင်း ဆိုသည်။ ထို့အပြင် တစ်ခါတစ်ရံ ခင်ပွန်းဖြစ်သူကို ဆေးရုံဝန်ထမ်းဟု ထင်ခဲ့ကြောင်းလည်း အိတ်စတာတွင် နေထိုင်သည့် ဆာရာက ပြောကြားခဲ့သည်။ "ကျွန်မ သတိရတော့ အခန်းထဲကို ကလေးတွေ ပြေးဝင်လာတယ်။ သူတို့ ဘယ်သူဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ စိတ်ထင်တဲ့ နာမည်တွေ ခေါ်တယ်။ ပြီးတော့ ကျွန်မကို မြင်လို့ ဒီကလေးတွေ ဘာကြောင့် ခုလောက် ပျော်နေတယ်ဆိုတာ မတွေးတတ်ဘူး"ဟု သူမ၏ သတိရစ အတွေ့အကြုံကို ဆာရာက ဖွင့်ဟခဲ့သည်။ ဆာရာသည် ယခင်အိမ်ထောင်နှင့် ရခဲ့သည့် သားဖြစ်သူ မိုက်ကယ်ကိုလည်း မွေးကင်းစ ကလေးအဖြစ်သာ ထင်မြင်လျှက် ရှိနေသည်။ ကျန်ကလေးနှစ်ဦး မွေးဖွားမှုကို သူမ လုံးဝ မမှတ်မိတော့ရာ မိသားစုက အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံများ၊ ဗီဒီယိုများကို ပြသပြီး သူမအား ရှင်းပြခဲ့ရသည်။



သူမက အစ်ကိုဖြစ်သူအား တွေ့မြင်ချိန်တွင် ထိပ်ပြောင်နေပြီဟု ရေရွတ်မိခဲ့ကြောင်း ဆိုသည်။ "ကျွန်မ အိမ်ပြန်လာတဲ့ထိ အားလုံးက စိတ်ရှုပ်စရာတွေချည်းပဲ။ ကျွန်မက ခင်ပွန်းဟောင်းနဲ့ ပေါင်းသင်းနေတုန်းပဲလို့ ထင်နေတာ။ ဒါပေမဲ့ အမေက ကျွန်မကို ရှင်းပြတယ်။ ကျွန်မယောက်ျားအကြောင်းလည်း သေချာ ပြောပြတယ်။ ဒါပေမဲ့ သူနဲ့ ဘယ်လို စတွေ့တယ် ဆိုတာတောင် မမှတ်မိတော့ပါဘူး"ဟုလည်း ဆာရာက ပြောကြားခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ အသက်(၃၄)နှစ်ရှိ ခင်ပွန်းသည် ခရစ်သွမ်ဆင်နှင့် ပြန်လည် ချစ်ကျွမ်းဝင်နေပြီဟုလည်း ဆိုသည်။ ခင်ပွန်းဖြစ်သူက သူမအား စိတ်ပျက်စရာ အခြေအနေများကို မေ့ပျောက်စေသူဟု ဆာရာက ချီးကျူးခဲ့သည်။



"ကျွန်မ သူ့ကို ချစ်မိသွားပြီလို့ ခရစ္စမတ်မှာ ပြောခဲ့ပါတယ်။ ကျွန်မအတွက် ပထမဆုံးလိုပါပဲ။ အဲဒီအချိန်တွေတုန်းက ကျွန်မ ဆယ်ကျော်သက် တစ်ယောက်လို ဖြစ်နေတယ်။ ဆံပင်ကို ရောင်စုံ ပြောင်းပြီး ဆိုးတယ်။ သူက ကျွန်မကို ပုံစံသစ်နဲ့ အသားတကျ မဖြစ်ပေမယ့် သည်းခံခဲ့တယ်။ တကယ့်ကို အံ့ဩစရာပါပဲ။ ကျွန်မဟာ ဘယ်လို လူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြီး အဓိပ္ပါယ် သတ်မှတ်ဖို့ ကြိုးစားရုန်းကန်ခဲ့မိတယ်။ ဒါပေမဲ့ အဲဒါဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူးဆိုတာ ခုတော့ သိပါပြီ"ဟု ဆာရာက ပြောဆိုခဲ့သည်။

သူမသည် ကွန်ပျူတာ အသုံးပြုနေရင်း ကျောဘက်နှင့် ကုပ်ပိုးမှ နာကျင်မှု ဝေဒနာ ခံစားရပြီး အမြင်အာရုံတွင် အစက်အပြောက်များ ပေါ်လာကြောင်း ပြောဆိုပြီးနောက် သတိလစ်သွားခဲ့ခြင်းဟု သိရသည်။ ဆာရာသည် ယခုအခါတွင်မူ ခင်ပွန်းသည် ခရစ်အပြင် အသက်(၁၄)နှစ်ရှိ သားကြီး မိုက်ကယ်၊ အသက်(၅)နှစ်အရွယ် သားငယ် ဒန်နီရယ်လ်၊ အသက်(၄)နှစ်ရှိ သမီးလေး အေမီတို့နှင့်အတူ မိသားစုဘဝကို ပြန်လည် ပိုင်ဆိုင် ပျော်ရွှင်နေပြီဖြစ်သည်။
From-Planet Myanmar Network

No comments:

Post a Comment