Sunday, September 9, 2012

တရုတ်ကုမ္ပဏီတစ်ခုမှ ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည့် စုပေါင်းရုံးနှင့် ပြတိုက်အဖြစ်ပြောင်းလဲမည့် တရားလွှတ်တော်ရုံးတို့အား မူလရုံးများအတိုင်း ဆက်လက်ထားရှိရန် ရှေ့နေများကွန်ယက်မှ တောင်းဆို ၊ သမ္မတနှင့် လွှတ်တော်သုံးရပ်မှ တားဆီးပေးနိုင်မှုမရှိပါက တည်ဆဲဥပဒေအရ တရားစွဲဆိုသွားမည်

တရုတ်ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရ၍ ခြံခတ်ထားသည့် စုပေါင်းရုံးအား စက်တင်ဘာလ ၉ရက်နေ့က တွေ့မြင်ရစဉ် ဓာတ်ပုံ-ဖြိုးေ၀၀င်း

ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံး(စုပေါင်းရုံး)တို့အား ပြတိုက်နှင့် ဟိုတယ်အဖြစ်ဆောက်လုပ်မည့် စီမံကိန်းများအား ရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်သုံး ရပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံ တင်ပြထားပြီး အဆိုပါစီမံကိန်းများအား ရပ်ဆိုင်းမပေးပါက ဆန္ဒဖော်ထုတ်ခြင်းနှင့် တည်ဆဲဥပဒေများအရ
တရားစွဲဆိုခြင်းပါ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေ့နေများကွန်ယက်မှ သတင်းရရှိပါသည်။
အဆိုပါ ပြောကြားချက်အား စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရှေးဟောင်းအမွေအနှစ်များအဖြစ် သတ်မှတ်ထားပြီးသော တရားရုံးများကို ဟိုတယ်၊ ပြတိုက်များအဖြစ် ပုဂ္ဂလိကလုပ်ပိုင်ခွင့် လွှဲပေးခြင်းအပေါ် သဘောထားထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ရှေ့နေများကွန်ယက်မှ နာယကဖြစ်သူ ဦးသန်းတင်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
''စုပေါင်းရုံးရော၊ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံးပါ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ ရှေး ဟောင်းအဆောက်အအုံမဟုတ်ပါဘူး ။ လက်ရှိမှာလည်း တရားရုံးတွေ အဖြစ်အသုံးပြုနေတဲ့ နိုင်ငံတကာ အ ဆင့်မီ ဂုဏ်သိက္ခာရှိထည်ဝါတဲ့ ရုံး တွေပါ။ ဒီလိုရုံးတွေကို  ပွင့်လင်းမြင် သာတဲ့ ထုတ်ပြန်မှု မရှိဘဲ လွဲပြောင်း ပေးလိုက်တာက နိုင်ငံအတွက်အရမ်း သိက္ခာကျပါတယ်။ ရှေးဟောင်းအ ဆောက်အအုံတွေကို မူလအတိုင်းမ ထားဘဲ ပုဂ္ဂလိကကိုဘဲ ဘာကြောင့် လွှဲပေးနေတာလည်း နိုင်ငံတော်မှာ ပိုက်ဆံမရှိတော့လို့လား သိချင်ပါ တယ်'' ဟုဦးသန်းတင်က ပြောကြားခဲ့ ပါသည်။
ရှေ့နေများကွန်ယက်မှ ပုဂ္ဂလိက ပိုင်ပြုလုပ်ပေးနေသည့် အဆောက် အအုံများအား မူလအတိုင်းရှေးမူ မပျက် ထားရှိရေး မေတ္တာရပ်ခံ တင် ပြစာတွင်  စတင်ဆောက်လုပ်စဉ် ကပင် နိုင်ငံ့ဂုဏ်ဆောင် အမြင့်ဆုံး တရားရုံးကြီး(High Court) နှင့် စုပေါင်းရုံး(Small Caurses Court)အား လက်ရှိကာလတွင်လည်း တိုင်းဒေသကြီးတရားလွှတ်တော်နှင့် စုပေါင်းရုံးအဖြစ် အသုံးပြုနေသည့်အတွက် မူလအတိုင်းသာ ဆက်လက်အသုံးပြုသင့်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ၍ နိုင်ငံတကာနှင့် ရင်ဆိုင်ဖြေရှင်းရမည့် အမှုအခင်းများ ဖြစ်ပွားလာပါက သမိုင်းဝင်အဆောက် အအုံဖြစ်သည် ငါ့ High Court နှင့် Small Caurses Court တွင် ဆိုပါက နိုင်ငံ့ဂုဏ်မြင့်တက်စေသည့် အဆောက်အအုံဖြစ်ပြီး နိုင်ငံတကာ၏ လေးစားမှု ခံယူနိုင်သည့်  ထည်ဝါမှုရှိနေသည့်အပြင် မြို့အစွန်အဖျားသို့ ပြောင်းရွှေ့ထားသည့် တရားရုံးငယ်များထက် နေရာအချက်အခြာကျမှုနှင့် လုံလောက်သော တရားခွင် အကျယ်အ၀န်းရှိခြင်း၊  High Court ရုံးနှင့် Small Caurses Court  ရုံးအား မူလကပင် တရားရုံးအဖြစ် ဆောက်လုပ်ခဲ့သဖြင့် ခမ်းနားထည်ဝါပြည့်စုံသည့် တရားရေးဆိုင်ရာ အဆောင်ယောင်များ ရှိနေသည့်အပြင် သမိုင်းတန်ဖိုးပါရှိနေခြင်း၊ အချက်အခြာကျသည့် တရားရုံးအား ပုဂ္ဂလိကလွှဲအပ်၍ လက်ရှိတရားစီရင်ရေးရုံးများအား မြို့စွန်မြို့ဖျားပို့ခြင်းမှာ နိုင်ငံဂုဏ်သိက္ခာကျဆင်းစေခြင်း စသည့်အချက်များ ပါဝင်ပေးပို့ခဲ့ပြီး အဆိုပါအချက်များမှာ မလျော်ကန်သည့် လုပ်ရပ်များဖြစ်သဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းအား ရပ်ဆိုင်း၍ မူလတရားရုံးများအတိုင်း ပြန်လည်ထားရှိရန် သက်ဆိုင်ရာဋ္ဌာန အသီးသီးသို့ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီးတရားလွှတ်တော်ရုံးအား စက်တင်ဘာလ ၉ရက်နေ့က တွေ့မြင်ရစဉ် ဓာတ်ပုံ-ဖြိုးေ၀၀င်း
''ဇွန်လမှာတစ်ခါ၊ သြဂုတ်လမှာတစ်ခါ နိုင်ငံတော်သမ္မတ၊ လွှတ်တော်သုံးရပ်ဥက္ကဋ္ဌသုံးဦးနဲ့ တခြားတာဝန်ရှိ အဖွဲ့အစည်းတွေဆီကို မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါတယ်။ သူတို့ဘက်က ထူးခြားတဲ့ တုန့်ပြန်မှု မရှိခဲ့ပါဘူး။ ဒီလိုတင်ပြထားရက်နဲ့ ဖြစ်မလာခဲ့ရင် ဆန္ဒဖော်ထုတ်မှု၊  တည်ဆဲဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်ပါမယ်။ စုပေါင်းရုံးကို ဟိုတယ်လုပ်ဖို့အတွက် တရုတ်ကုမ္ပဏီတစ်ခုကို လွှဲပေးပြီး High Court  ကိုတော့ စားသောက်ဆိုင်တွေ ပန်းခြံတွေပါဝင်တဲ့ ပြတိုက်အဖြစ် လုပ် ဆောင်သွားမယ်လို့ဘဲ သိရပါတယ် ။ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဘယ်သူဘာလုပ်မယ်ဆိုတာ သိခွင့်မရခဲ့ပါဘူး''ဟု ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် ဦးကိုနီက ပြောကြားသည်။
ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ခြင်း ရပ်ဆိုင်းမှုမရှိပါက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအမိန့် အမှတ် ၉/၉၈ ယဉ် ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၏ တားမြစ်ချက်များအရ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် သက်ဆိုင်ရာအဖွဲ့အစည်းအား ဥပဒေကြောင်းအရ တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်နေခြင်းနှင့် ပတ်သတ်၍ NLD နာယက ဦးတင်ဦးက  ''မြန်မာနိုင်ငံကိုနယ်ချဲ့ အုပ်ချုပ်သွားတဲ့သူတွေက သူတို့သဘောထားကြီးကြောင်းပြချင်တော့ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ဂုဏ်ယူနိုင်ဖို့ ချန်ခဲ့တဲ့ အဆောက်အအုံတွေ ဆောက်ပေးခဲ့တယ်။ နိုင်ငံ့သမိုင်းမှာ ကျွန်ဖြစ်ခဲ့တဲ့ မှတ်တမ်းဟာ ဖျောက်မရသလို သူတို့သဘောထားကြီးကြောင်း ပြခဲ့တဲ့ အဆောက်အအုံတွေကို ရှေးမူမပျက် ထိန်းသိမ်းထားခြင်းအားဖြင့် မြန်မာလူမျိုးတွေ သဘောထားကြီးရာ ပြနိုင်တဲ့အပြင် ဈေးကွက်စီးပွားရေးအရလည်း အားသာချက်ဖြစ်လာနိုင်ပါတယ်''ဟု သူ၏ ယူဆချက်အား ပြောကြားခဲ့ပါသည်။
အထက်ပါ အဆောက်အအုံ ၂ ခုနှင့် ၀န်ကြီးများရုံး၊ မီးရထားရုံးချုပ်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ယာယီရွေးချယ်စဉ်က High Court ရုံးအား ထွန်းဖောင်ဒေးရှင်းဘဏ်မှ နှစ် ၆၀ သက်တမ်းဖြင့် တစ်နှစ်လျှင် ကျပ်သိန်း ၂၄၀၀ ဖြင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန် ပေးအပ်ခဲ့ကြောင်း Small Caurses Court ရုံးအား Flying Tiger Engineering Co,ltd & Jewellery Lucky Prod-uction Co,ltd မှ အခန်း ၁၄၅ ခန်းပါ ဟိုတယ်အဖြစ် လုပ်ကိုင်ရန်အတွက် နှစ် ၆၀ သက်တမ်းဖြင့် နှစ်စဉ်ငှါးရမ်းခ ကန်ဒေါ်လာ ၃ သိန်းဖြင့် လုပ်ပိုင်ခွင့် ရရှိခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်မြို့တွင် သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် အဆောက်အအုံ ၁၈၉ လုံးရှိပြီး အခြားကျန်ရှိသည့် အဆောက်အအုံများကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရှိရပါသည်။

From -ElevenMediaGroup

No comments:

Post a Comment