Monday, September 3, 2012

ပါတီနိုင်ငံရေး လုပ်ရန် ပြန်လာခြင်းမဟုတ်ဟု မိုးသီးဇွန်ပြော

ယနေ့နံနက် သတင်းစာရှင်းလင်းပွဲတွင်
 တွေ့မြင်ရသည့် ကိုမိုးသီးဇွန်
၂၄နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် မိခင်နိုင်ငံပြန်လာသူ  ABSDF ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်က ယခုလို ပြန်လာသည့် ရည်ရွယ်ချက်မှာ ပါတီနိုင်ငံရေး လုပ်လို၍ ပြန်လာခြင်း မဟုတ်ကြောင်း ယနေ့နံနက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားလိုက် သည်။

ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန် အပါအ၀င် ပြည်ပရောက် အတိုက်အခံနိုင်ငံရေး သမား ၈ ဦးတို့ ယခုလ (၁) ရက်နေ့ က မြန်မာနိုင်ငံ သို့ အလည်အပတ်အဖြစ် ရောက်ရှိလာပြီးနောက် ၂ ရက်အကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုလို  ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ကိုမိုးသီးဇွန်နှင့် အတူ ဦးထွန်းအောင်ကျော် (ABSDF ပထမဦးဆုံး ဥက္ကဋ္ဌဖြစ်ခဲ့သူ)၊ ဦးကိုကိုလေး၊ ဦးရင်အေး၊ ဦးမူးသာ၊  ဦးရွှေဇင်ထွန်း နှင့် ဦးကိုကိုအောင်တို့ဖြစ်သည်။


၎င်းတို့ အနေဖြင့် ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများသည် အမှန်တကယ် ဟုတ်မဟုတ် ကိုယ်တိုင်ကိုယ်ကျ လေ့လာလို၍ ပြန်လာကြခြင်း ဖြစ်သည်ဟု ယနေ့ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖေါ်ပြထားသည်။

အပြောင်းအလဲများကို လေ့လာပြီးနောက်တွင် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး လုပ်ဆောင်နေကြသူများအား တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် မည်သည့်ဒေါင့်မှ ၀င်ရောက်လုပ်ကိုင် နိုင်မည် ကိုလေ့လာ ရန်လည်းရည်ရွယ်ကြောင်းလည်း ၎င်းတို့ကဆိုသည်။

ယခုကဲ့သို့ အမိနိုင်ငံ ပြန်လာရန်အတွက် အစိုးရထံ မည်သည့် ကတိခံဝန်ချက်မျှ လက်မှတ်ရေးထိုးပေးရခြင်း မရှိကြောင်းလည်း ကြေညာချက်တွင် ဖေါ်ပြထားသည်။ မိုးသီးဇွန်နှင့် အခြား အတိုက်အခံ (၇) ဦးပြန်မလာမီ တရက်အလိုတွင် ထိုင်းနှင့် အမေရိကန် အခြေစိုက် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများ မှ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းနှင့် ဦးညိုအုန်းမြင့်တို့ အလည်အပတ် အဖြစ် ရောက်ရှိ လာခဲ့သည်။

မြန်မာနိုင်ငံသို့ ၎င်းတို့ ပြန်ဝင်မလာမီ ရက်ပိုင်းအလိုတွင် နာမည်ပျက် စာရင်း  ထည့်သွင်းခံ ထားရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသား စုစုပေါင်း ၂၀၀၀ ကျော်ကို စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

No comments:

Post a Comment