Friday, September 21, 2012

ပဉ္စမံတပ်သား/သူ့လူကိုယ့်ဘက်သား

ပဉ္စမံတပ်သား။ အရေးကိစ္စတစ်ခုကို အများအကျိုးအတွက် အများစုပေါင်းဆောင်ရွက်ကြရာမှာ သူ့လူကိုယ့်ဘက်သားလုပ်ပြီး ၀င်ရောက်ဖျက်ဆီးတဲ့လူကို ခေါ်တယ်။ သူ့လူကိုယ့်ဘက်သားဆိုတဲ့ စကားကသဘောမိတယ်။ လူကတော့သူ့လူပဲ၊ ဒါပေမယ့် ကိုယ့်ဘက်မှာ နေတယ်။ ကိုယ့်လူဟန်ဆောင်ပေးတယ်။ ပြီးတော့ မသိအောင် ကပျက်ယဖျက် လုပ်တယ်။ အနှောင့်အယှက်ပေးတယ်။ နောက်ဆုံး လုပ်ငန်းကြီးတစ်ခုလုံးကို လုပ်မရအောင် ဖျက်ဆီးတယ်။
ဒီလိုလူတွေဟာ ပရိယာယ်ကြွယ်တယ်။ ပါး နပ်တယ်။ လူရည်လယ်တယ် ခေါ်ရမှာပေါ့။ သူတို့ဟာ ရန်သူဘက်က (၀ါ) တစ်ဖက်ကဖြစ်တယ်ဆိုတာ မရိပ်မိအောင် မသိအောင်နေတယ်။ အနေအထိုင် သိပ်သည်းတယ်။စကား ကြွယ်တယ်။တစ်ဖက်ကိုဘယ်လောက် မုန်းတီးဆန့်ကျင်ကြောင်း (အမှန် တော့ အဲ့ဒီတစ်ဖက်ဟာသူ့ဘက်) ဒီဘက်ကို ဘယ်လောက်လေးစား ချစ်ခင်ကြောင်း (အမှန်တော့ ဒီဘက်ဆိုတာသူနဲ့ ဆန့်ကျင်ဘက်)တွေကို အာဘောင်အာရင်းသန်သန် ပြောတတ်တယ်။ အဲဒီလိုလူမျိုးတွေဟာ မျက်နှာချင်းဆိုင် တိုက်ခိုက်နေရတဲ့ ရန်သူထက် ပိုကြောက်စရာကောင်းတယ်။ အဲ့ဒီ သူ့လူကိုယ့်ဘက်သား ပဉ္စမံတပ်သားဆိုတာ အလွန်အန္တရာယ် ကြီးပါတယ်။ ပဉ္စမံတပ်သားဆိုတဲ့ စကားကို ဘယ်သူစတင်ပြန်ဆိုသုံးစွဲ ခဲ့သလဲမသိပါ။ စိတ်အထင်တော့ ဟိုတုန်းက သတင်းစာ ဆရာကြီး တစ်ယောက်ယောက်၊ ဂျာနယ်လစ်ကြီးတစ်ယောက်ယောက်  ဖြစ်လိမ့်မယ်ထင်ပါတယ်။ လေးစားဖို့ ကျေးဇူးတင်ဖို့ကောင်းပါတယ်။ နိုင်ငံကြီးတွေမှာတော့ အရေးပါတဲ့ စကားလုံး အသစ်တစ်လုံး ထွက်ပေါ်လာတယ်ဆိုရင် ဘယ်တုန်းက ဘယ်သူကစသုံးခဲ့တယ်ဆိုတာ အဘိဓာန်ကြီးတွေမှာ မှတ်တမ်းတင်ထားတတ်ကြတယ်။ ကျောင်းသုံးအဘိဓာန်မျိုးမှာတော့ မဟုတ်ဘူးပေါ့။ OED လို အဘိဓာန်ကြီးတွေမှာ တွေ့ရတတ်တယ်။ ကျွန်တော်တို့ဆီမှာလည်း တစ်နေ့တော့ ဖြစ်လာမှာပေါ့။
ဒီစကားလုံး ဖြစ်ပေါ်လာပုံ အကျဉ်းလောက်ပြောရရင် . . . ၁၉၃၆ ခုနှစ် ၀န်းကျင်လောက်မှာဖြစ်တဲ့ စပိန်နိုင်ငံ ပြည်တွင်းစစ်အဖြစ်ပျက်က စပြောရမယ်။ နောင်အခါ အာဏာရှင်အဖြစ်ကျော် ကြားလာတဲ့ ဖရန်ကို င်္မညေခငျသ င်္မညေခသ နဲ့စပိန် ဘုရင့်နိုင်ငံတော်နဲ့ ပဋိပက္ခဖြစ်ကြတယ်။ ဖရန်ကိုရဲ့ အမျိုးသားရေး ၀ါဒီတပ်တွေကို ဦးစီးတဲ့ စစ်သူကြီး Mola မိုလာဆိုတာ ရှိတယ်။ ဒီစကားလုံးက စစ်သူကြီး မိုလာစတင်သုံးစွဲခဲ့တဲ့ စကားလုံးဖြစ်တယ်။ စပိန် နေပြည်တော် Madrid ကို စစ်သူကြီးမိုလာက ၀ိုင်းရံပိတ်ဆို့ တိုက်ခိုက်တယ်။ စစ်ကြောင်းကြီး လေးကြောင်းနဲ့ ၀ိုင်းရံတိုက်ခိုက်တယ်။ အပြင်မှာ စစ်ကြောင်းကြီးလေးကြောင်း ၀ိုင်းထားသလို၊ အထဲမှာလည်း''ပဉ္စမမြောက်စစ်ကြောင်းကြီး Fifth Column ရှိနေတယ်လို့ မိုလာကဆိုတယ်။ စစ်ကြောင်းကြီးဆိုတာ Column လို့ ခေါ်တယ်။
ရန်သူ့မြို့တော်အတွင်းမှာပဲ စစ်ကြောင်းကြီးတစ်ခုလောက် များပြားတဲ့ သူလျှိုတွေ ဒလန်တွေ မြှုပ်နှံထားတယ်လို့ ဆိုလိုတာဖြစ်တယ်။ နောက်ပိုင်းမှာတော့ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး ရန်သူကို အားပေး အား မြှောက်လုပ်သူလို့လည်း အဓိပ္ပာယ်တွင်လာတယ်။ အရေးကိစ္စတစ်ခုမှာ တစ်ဖက်ကနေတယ်၊ ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်ကို အားပေးတဲ့သူဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း သုံးလာတယ်။ ကျွန်တော်တို့ အခုအခြေအနေနဲ့ ပြောရမယ်ဆိုရင် . . . ဒီမိုကရေစီကိုလိုလား ဟန်ဆောင်ပြီး၊ ဒီမိုကရေစီ စကားများများပြောပြီး၊ တိတ်တဆိတ် ကျိတ်ပြီး ဒီမိုကရေစီ ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့သူတွေဟာ . . . ပဉ္စမံတပ်သား Fifth Columnist တွေပဲ ဖြစ်ပါတယ်။ ရင်ဆိုင်တွေ့နေရတဲ့ ရန်သူထက် ပိုကြောက်စရာကောင်းပါတယ်။ နောက်ကျောကို ဓားနဲ့ထိုးတယ်ဆိုတဲ့စကား ရှိတယ်။ ပဉ္စမံတပ်သားတွေက နောက်ကျောလည်းဓားနဲ့ ထိုးတယ်၊ တွေ့ရာကြုံရာ နေရာမရွေး လစ်ရင်လစ်သလို ဓားနဲ့ထိုးမယ့်လူတွေ ဖြစ်တယ်။ သိပ်သတိ ထားရပါမယ်။ အထူးသဖြင့် နိုင်ငံရေးမှာ လှုပ်ရှားမှု ပြင်းထန်လာတဲ့အချိန်တိုင်း ရှုပ်ထွေးတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ပဉ္စမံတွေ လှုပ်ရှားတတ်ကြတယ်။

အရေးကိစ္စတစ်ခုမှာ တစ်ဖက်ကနေတယ်၊ ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်ကို အားပေးတဲ့သူဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း သုံးလာတယ်။ ကျွန်တော်တို့ အခုအခြေအနေနဲ့ ပြောရမယ်ဆိုရင် . . . ဒီမိုကရေစီကို လိုလားဟန်ဆောင်ပြီး ဒီမိုကရေစီ စကား များများပြောပြီး၊ တိတ်တဆိတ်ကျိတ်ပြီး ဒီမိုကရေစီ ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့သူတွေဟာ  . .  .ပဉ္စမံတပ်သား Fifth Columnist တွေပဲ ဖြစ်ပါတယ် . . .
သိပ်မကြာသေးခင်ကပဲ ဆောင်းပါးတစ်စောင် ဖတ်လိုက်ရတယ်။ ၂၂-၈-၂၀၁၂ နေ့ထုတ် Newday News သတင်းဂျာနယ်မှာ ဖြစ်ပါတယ်။ ဆောင်းပါးရှင်ထွန်းဇော်ဌေးရဲ့ 'မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းမှာ' ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အခု ကျွန်တ်ာပြောနေတဲ့ ပဉ္စမံတပ်သား အန္တရာယ်နဲ့ သက်ဆိုင်နေပါတယ်။ ဆောင်းပါးရှင်ဟာ နိုင်ငံရေး အတွေ့အကြုံရှိတဲ့သူတစ်ယောက်ပါပဲ။ ကွယ်လွန်သူ ဒဿနိကပါမောက္ခ ဦးသိန်းဇံ (ဆရာနန္ဒာသိန်းဇံ)ရဲ့ တပည့်ရင်းတစ်ယောက်လို့ သိရတယ်။ ၈၈လှုပ်ရှားမှုကြီးအတွင်းက သူ့ဆရာနန္ဒသိန်းဇံက သူ့ကိုခေါ်ပြီး စာရွက်တစ်ရွက်ပေးတယ်၊ အရစ္စတိုတယ် Aristotle ရဲ့ ကျမ်းစာထဲက ကောက်နုတ်စာသားတစ်ပုဒ် ဖြစ်တယ်။ သူ့တပည့်ရင်း(ဆောင်းပါးရှင်ထွန်းဇော်ဌေး) ကို ဒီစာရွက်ပေးလိုက်ခြင်းဟာ လတ်တလောဖြစ်ပွားနေတဲ့ လှုပ်ရှားမှုမှာ ပညာရှင်တစ်ယောက်အနေနဲ့ ထည့်ဝင်သည်ပိုး အကျိုးပြု contribute လုပ်လိုက်တာပါပဲ။ အဲဒီကောက်နုတ်ချက်စာရွက်မှာ ရေးထားတာက ''လူထုအုံကြွမှုတစ်ခု ပေါ်ပေါက်လာ ပြီဆိုရင် တစ်ဖက်ကလူတွေဟာ အာရုံပြောင်းသွားအောင် မဟုတ်မမှန် လုပ်ကြံသတင်းတွေ ဖြန့်တယ်၊ ပမာအားဖြင့် ရေတွင်းရေကန်တွေမှာ အဆိပ်ခတ်ထားတယ်၊ ဘယ်နေရာမှာ ဆူပူမှုတွေ၊ လုယက်မှုတွေ ဖြစ်နေတယ်။ လူထုအကာအကွယ်မဲ့ပြီး အချိန်မရွေး ဒုက္ခရောက်သွားမယ်၊ လုံခြုံမှုတွေ မရှိတော့ဖူး စသည်ဖြင့် ၀ါဒဖြန့်တယ်။ နေရာအနှံ့အပြားမှာ ပြဿနာတွေ အခက်အခဲတွေ မဖြစ်ဖြစ်အောင် ဖန်တီးတတ်ကြတယ်၊ ဘယ်နေရာမှာဖြင့် လူတွေခေါင်းဖြတ် သတ်နေကြပြီ၊ မကြုံဘူးအောင် ရက်စက်နေကြပြီ စသည်ဖြင့်လည်းကြောက်အောင် ခြောက်တတ်ကြတယ်။ အုပ်စိုးသူတွေဟာ ပြည်သူလူထုရဲ့ အုံကြွမှုအကြောင်းရင်းတွေကို ဖြေရှင်းမပေးနိုင်တဲ့အတွက် လူထုကို အာရုံပြောင်း လမ်းကြောင်း လွှဲပေးတာမျိုးပဲ ဖြစ်တယ်။ ဒါတွေဟာ တစ်ဖက်ကလူတွေရဲ့ ပဉ္စမံနည်းလမ်းတွေ ဖြစ်ပါတယ်။ ဆရာနန္ဒာသိန်းဇံ (ကျွန် တော်တို့ကတော့ ဇံကြီးလို့ခေါ်တယ်) ရဲ့ တာဝန်ကျေမှု တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။
အတွေ့အကြုံအရ ပြောရရင် ဆိုကြပါစို့၊ စီတန်းလှည့်လည် ဆန္ဒပြပွဲဆိုပါတော့။ အေးအေးချမ်းချမ်း စနစ်တကျ တန်းစီချီတက်ကြတယ်၊ ကြွေးကြော်သံ ကပ်ပြားတွေထောင်ပြီး ကိုင်လာကြတယ်၊ ကြွေးကြော်သံတွေ အတိုင်အဖောက် ကြွေးကြော် လာကြတယ်။ စုရပ်တစ်နေရာရောက်တဲ့အခါ စကားပြောမယ်၊ အဆိုတင်သွင်းမယ်၊ ထောက်ခံမယ်၊ ဆုံးဖြတ်ချက်ချမယ်၊ ပြီးရင် ကြွေးကြော်သံတွေနဲ့ ရုပ်သိမ်းလူစုခွဲမယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ် ချီတက်ပွဲ၊ ဆန္ဒပြပွဲပါပဲ။
အဲဒီမှာ တန်းစီသူတွေနဲ့အတူ လိုက်ပါလာတဲ့ သူ့လူ ကိုယ့်ဘက်သား ပဉ္စမံတွေက မဖွယ်မရာ အော်ဟစ်တာတို့၊ ဘေးက ရပ်ကြည့်နေတဲ့ လူတွေကို မဖွယ်မရာ လုပ်ပြတာတို့၊ ရန်ဖြစ်တာတို့၊ ဘေးမှာ ရပ်ထားတဲ့ မော်တော်ကား၊ လမ်းဘေးဈေးဆိုင်ကလေးတွေကို ကန်ကျောက်တာ၊ အုတ်ခဲနဲ့ထုတာ၊ ဖျက်ဆီးတာ၊ နောက်ဆုံးအဆင့်ဈေးဆိုင်တွေကို ၀င်လုယက်တာတွေလုပ်တတ်ကြတယ်။ ဆန္ဒပြပွဲစီတန်းလှည့်လည်ပွဲကို သရုပ်ပျက်အောင်လုပ်တာပဲ။ ရှင်းရှင်းလေးပဲ၊ အဲဒီလိုလုပ်တဲ့သူတွေဟာ များသောအားဖြင့် အခကြေးငွေပေးပြီး ခေါ်ထားတဲ့ . . . ကလေကချေ၊ အခြေမဲ့အနေမဲ့လူတွေ ဖြစ်တတ်ကြတယ်၊ မာ့စ်ဝါဒရဲ့ ဖခင်ကြီး ကားလ်မာ့စ် Karl Marx က . . . ဒီလိုလူမျိုးတွေကို Lumpen လူတန်းစားလို့ ခေါ်တယ်၊ လူ့လောကကို ဘာမှကောင်းကျိုးမပေး၊ ဖျက်ဆီးတတ်တဲ့ ကလေကချေ လူတန်းစားတွေ ဖြစ်တယ်၊ မာ့စ်ကတော့ လူ့လောကရဲ့ အမှိုက်တွေလို့တောင် ခေါ်ခဲ့တယ်၊ တော်လှန်ရေးကို ဖျက်ဆီးမယ့်လူတွေလို့ သတ်မှတ်ခဲ့ ဖူးတယ်။
ကျွန်တော်တို့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာလည်း ဒီလို ပဉ္စမံတပ်သားတွေ ရှိနိုင်တယ်။ ရှိနေတယ်၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အခုပြောခဲ့သလို အတွင်းက၀င်ပြီး သရုပ်ပျက်အောင်လုပ်တော့ တစ်ဖက်က အကွက်ဝင်သွားတယ်။ ဘာအကွက်လည်းဆိုရင် . . . မင်းတို့ ဆန္ဒပြပွဲတွေဟာ စည်းမရှိ ကမ်းမရှိ ပရမ်းပတာတွေ၊ လူအများ အနှောင့်အယှက် ဖြစ်တယ်၊ စည်းကမ်းထိန်းသိမ်းရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒပြချင်ရင် လျှောက်လွှာတင်ခွင့်ပြုမိန့် တောင်းရမယ်၊ လူ ဘယ်နှယောက်ပါမယ်၊ ဘာတွေပြောမယ်၊ ကြွေးကြော်သံတွေ ရေးတင်ရမယ်၊ စီတန်းလှည့်လည်ရင်လည်း ဘယ်လမ်းက သွားမယ်၊ ဘယ်မှာဆုံးမယ် စသည်ဖြင့် အသေးစိပ်စည်းကမ်းတွေ ထုတ်လာတယ်၊ ချုပ်ချယ်လာတယ်။ ပညာသားပါ ပါနဲ့ နှိပ်ကွပ်ပိတ်ဆို့လာတတ်တယ်၊ တကယ်တော့ လူတိုင်းလူတိုင်း လွတ်လွတ်လပ်လပ် ငြိမ်းချမ်းစွာ စုဝေးခွင့် ရှိတယ်။ (အပိုဒ်၂၀၊အပိုဒ်ခွဲ၁) လူတိုင်း လူတိုင်းဟာ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် ရှိတယ်။ (အပိုဒ် ၁၉)လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်းမှာပါပြီး ဖြစ်ပါတယ်။
ပိုဆိုးတာက ပိုအန္တရာယ်ကြီးတာက ဒီလိုရှိပါတယ်။ ဆိုကြပါစို့။ စကာပမာပြောတယ်လို့ပဲ သဘောထားပါ။ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သား၊ ဒီမိုကရေစီအင်အားစုတွေထဲမှာ အတွေ့အကြုံများတဲ့သူတွေ ရှိတယ်။ နိုင်ငံရေးမှာ ၁၊သမ္ဘာ ၂၊၀ါ ကြီးတဲ့သူတွေ ရင့်ကျက်သူတွေ ရှိတတ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီအကြောင်း ကောင်းကောင်း ပြောတတ်တယ်။ များများ ပြောကြတယ်။ ကျယ်ကျယ်လောင်လောင် ပြောတတ်ကြတယ်။ အဟောအပြောမှာ ရှေ့တန်းရောက်တယ်။ တကယ့်အရေးကြုံလာရင်၊ ကျဉ်းထဲ ကျပ်ထဲကျလာရင် သူတို့ မရှိတော့ဘူး။ အခြေအနေကောင်းရင် ပြန်ပေါ်လာပြီး ဒီမိုကရေစီအတွက် ဘယ်လိုလုပ်မယ် ဘယ်လိုကိုင်မယ် မိုးတစ်လုံး လေတစ်လုံးပြောကြပြန်ရော။ အဲဒီလို လူတွေက ပိုအန္တရာယ် ကြီးတယ်။ ဒီမိုကရေစီ အ၀န်းအ၀ိုင်းထဲမှာနေပြီး သိမ်သိမ်မွေ့မွေ့ ပါးပါးနပ်နပ်နဲ့ ကိုယ့်လမ်းကြောင်း မသွေဖည်သွားအောင် လုပ်တတ်ကြတယ်။ သမ္ဘာကလည်း ရင့်နေပြီ၊ ၀ါကလည်း ကြီးလှပြီ။ အဟောကောင်း အပြောကောင်း(မကောင်းလည်း စကားတွေ အများကြီးပြောတတ်)တဲ့ သူတွေဖြစ်တဲ့အတွက် ရိုးသားတဲ့ ဒီမိုကရေစီဘက်သားတွေ နားယောင်သွားတတ်ကြတယ်။ လမ်းကြောင်းမှားအောင် ပါးပါးကလေး လုပ်တတ်ကြတယ်။ ဒီလို ပုဂ္ဂိုလ်တွေလည်း ပဉ္စမံတွေပဲ။ ပိုတတ် တော့၊ ပိုကျွမ်းကျင်တော့၊ ပိုကောက်ကျစ်တော့ ကိုယ့်ဘက်မှာ အထိနာတယ်ဆိုတာ သတိပြုမိဖို့ လွန်စွာအရေးကြီးပါကြောင်း ။  ။
From-ElevenMediaGroup

No comments:

Post a Comment