Monday, September 24, 2012

မြန်မာကျောင်းသားများကို ကင်းဘရစ်ခ်ျ တက္ကသိုလ် ပညာသင်ဆုပေးရန် စီစဉ်

ဗြိတိန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ ကင်းဘရစ်ခ်ျတက္ကသိုလ်သည် လာမည့်နှစ်မှစ၍ မြန်မာကျောင်းသားများကို ပညာသင်ဆု ပေးအပ်ရန် စီစဉ်နေကြောင်း ဗြိတိသျှသံရုံးမှ သတင်းရရှိသည်။
လာမည့် ပညာသင်နှစ်မှ စတင်၍ မြန်မာကျောင်းသားများ မဟာဘွဲ့သင်တန်း တက်ရောက်နိုင်ရန် ပညာသင်ဆု ရွေးချယ်ပေးအပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ကျောင်းသားနှစ်ဦးကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကင်းဘရစ်ခ်ျတက္ကသိုလ်ကနေ မြန်မာကျောင်းသားနှစ်ဦးကို ပညာသင်ဆုပေးဖို့ သဘောတူထားတာ ရှိပါတယ်။ မြန်မာကျောင်းသားတွေအတွက် အခွင့်အလမ်းကောင်းတစ်ခုပါပဲ”ဟု ဗြိတိသျှသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပညာသင်ဆုအတွက် ခေါင်းဆောင်မှုစွမ်းရည်ရှိသူများကို ရွေးချယ်သွားမည်ဖြစ်ပြီး ကင်းဘရစ်ခ်ျတက္ကသိုလ်တွင် တစ်နှစ်ကြာမြင့်သည့် မဟာဘွဲ့သင်တန်းကို တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်ပနိုင်ငံအစိုးရနှင့် ပညာရေးအဖွဲ့အစည်းများက မြန်မာကျောင်းသားများအား ပညာသင်ဆု အစီအစဉ်များ ဆောင်ရွက်ပေးရန် စိတ်ဝင်စားမှု မြင့်တက်နေသည်။ သို့သော် နိုင်ငံတကာတက္ကသိုလ်များတွင် ပညာသင်ဆုဖြင့် ပညာရပ်များ လေ့လာ သင်ယူနေသော မြန်မာကျောင်းသား အရေအတွက်သည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ နည်းပါးနေသေးကြောင်း ပညာသင်ဆုဖြင့် ပြည်ပတက္ကသိုလ်များတွင် သွားရောက် ပညာဆည်းပူးခဲ့သူများက ဆိုသည်။
7Days
From -မောက္ခ

No comments:

Post a Comment