Saturday, September 8, 2012

အလုပ်သမားဝန်ကြီးနှင့် ပြည်တော်ပြန် အလုပ်သမားခေါင်းဆောင် ဆွေးနွေး

From- mizzima

ရန်ကုန် (မဇ္ဈိမ) ။        ။ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပေးနိုင်ရန် လုပ်သားများကို လုပ်ငန်းခွင်နှင့် သက်ဆိုင် သည့် သင်တန်းများပေးရန်၊ ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးရန် တို့ကို ပြည်ပ အခြေစိုက် အတိုက်အခံ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် FTUB မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နှင့် အလုပ်သမားရေးဝန်ကြီး ဦးမောင်မြင့်တို့ သောကြာနေ့ တွင် ဆွေးနွေး ခဲ့ကြသည်။နေပြည်တော် အလုပ်သမားရုံး ဝန်ကြီးဌာနရုံးတွင် တွေ့ဆုံမှုအတွင်း အလုပ်သမားရေး ရာများ ဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး အသေးစိတ် အချက်အလက်များကိုမူ ဆွေးနွေးနိုင်ခြင်း မရှိသေးဟု ဆွေးနွေး သို့ တက်ရောက်ခဲ့ သူ ဦးအေးချိုက မဇ္ဈိမကို ပြောသည်။

“အခုကတော့ ပထမဆုံးတွေ့တာဆိုတော့ အတိအကျတွေ မဆွေးနွေးရသေးဘူး။ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ခေါင်းစဉ်တွေတော်တော်များများ ဆွေးနွေးဖြစ်တယ်။” ဟု ဦးအေးချိုက မဇ္ဈိမကို ပြောသည်။

အမေရိကန်မှ မြန်မာနိုင်ငံသို့ ယခုလ ၄ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာသူ ဦးမောင်မောင်သည် မြန်မာနို င်ငံ အတွင်း အလုပ်သမားသမဂ္ဂ ဖေါ်ဆောင်ရေးအပါအဝင် အလုပ်သမားတို့၏ စွမ်းရည်မြှင့်တင်နိုင်ရန်တို့ ရည်ရွယ်၍မြန်မာနိုင်ငံသို့ ပြန်လာခြင်းဟုလည်း မဇ္ဈိမကို ပြောဆိုခဲ့သည်။

“ကျွန်တော်တို့က အလုပ်သမားသမဂ္ဂ ဖော်ဆောင်ရေး ကိစ္စတွေပဲဖြစ်ဖြစ်၊ အလုပ်သမား အလုပ်ရှင် ဆက်ဆံရေး လုပ်ငန်းတွေပဲဖြစ်ဖြစ်၊ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု ဝင်လာတာတွေ ကို စောင့်ကြပ်ကြည့်ရှုပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိအောင်လုပ်တဲ့ လုပ်ငန်းမှာပဲဖြစ်ဖြစ် အလုပ်သမားတွေ ကို ဝင်လာမယ့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေမှာ လေ့ကျင့် ပြင်ဆင်ပေးဖို့ သင်တန်းကျောင်းတွေ ရှာပေးတဲ့ကိစ္စ၊ သင်တန်းတွေပေးတာမျိုးဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေပဲ ဖြစ်ဖြစ် ရတဲ့နေရာကလုပ်သွားမှာပါ၊” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက ကူညီဖြေရှင်းနိုင်ရန် အလုပ်ရှင် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်း၍ ပြင်ဆင်သင့်သည်ဟုလည်း ဦးမောင်မောင်က သုံးသပ်ပြောဆိုသည်။

ဦးမောင်မောင်သည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံက ထွက်သွားခဲ့ကာ အမည်မဲစာရင်း သွင်းထားခံရရာမှ သြဂုတ်လ ၃ဝ ရက်နေ့တွင် ထိုစာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီးနောက် မြန်မာနိုင်ငံသို့ ယခုလ ၄ ရက်နေ့တွင် ပြန်လည်ရောက်ရှိ လာခြင်း ဖြစ်သည်။

ဦးမောင်မောင်၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံသို့ တိတ်တဆိတ် လာရောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ထိုကိစ္စနှင့် ပတ်သက်၍ “မဟုတ်ပါဘူး။” ဟု သူက ပြောကြားခဲ့သည်။

No comments:

Post a Comment