Sunday, September 16, 2012

ကိုယ်မေ့နေတဲ့ ကိုယ့်အခွင့်အရေး


ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူများက စားသုံးသူတွေရဲ့ အခွင့်အရေးအတွက် စဉ်းစားကြရဲဖို့ ဥပဒေတရပ် လိုအပ်နေပါပြီ။
စားသုံးသူတွေ မေ့နေတဲ့ထဲမှာ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ မြန်မာနိုင်ငံမှာ မပေါ်ပေါက်သေးဘူး ဆိုတဲ့ အချက် ဖြစ်ပါလိမ့်မယ်။လွှတ်တော်အစည်းအဝေးတွေပြန်ကျင်းပတဲ့အခါ ဒီဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေး ဆောင်ရွက်သင့်တယ်လို့ ပညာရှင် တဦးက ပြောလိုက်ပါတယ်။

အခု လက်ရှိမှာ မူကြမ်းအဆင့်ကို ပြီးစီးပြီဖြစ်လို့ သက်ဆိုင်ရာကို ပြန်လည် တင်ပြထားပြီး လိုအပ်ချက်တွေ ပြန်လည် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“စားသုံသူကာကွယ်ရေးဥပဒေကတော့ နိုင်ငံတကာမှာလည်း ရှိပြီး မြန်မာနိုင်ငံမှာလည်း ရှိသင့်တဲ့ ဥပဒေ တရပ်ပါ။ အခုတော့ ဥပဒေ ထွက်ရှိဖို့အတွက် လုပ်ဆောင်နေကြပါတယ်။ စားသုံးသူတွေကို ကာကွယ်ပေးတဲ့ ဥပဒေက မရှိသေးတဲ့အတွက် အမြန်ဆုံး ထွက်ရှိဖို့လည်း လိုပါတယ်။ ဒီနှစ် မကုန်ခင်တော့ ထွက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဦးသန်းမောင် (စစ်တွေ) က ပြောပါတယ်။

စားသုံးသူတို့ရဲ့ အခွင့်အလမ်းများကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ဖို့

ကမ္ဘာ့ကုလသမဂ္ဂက ၁၉၈၅ ခုနှစ်မှာ သတ်မှတ်ခဲ့တဲ့ အချက် ၈ ချက်



(၁) ၀ယ်ချင်သည့်ပစ္စည်းအား စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိသည်။

(၂) ၀ယ်ချင်သည့်ပစ္စည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ရယူနိုင်ရမည်။


(၃) ၀ယ်ယူသည့်ပစ္စည်းသည် လုံခြုံစိတ်ချရမည်။

(၄) ၀ယ်ချင်သည့်ပစ္စည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို သိနိုင်ရမည်။


(၅) စားသုံးသူတို့၏ အခြေခံလိုအပ်ချက်များနှင့်ပတ်သက်၍ ကျေနပ်မှုရရှိရမည်။

(၆) အလျော်အစားရပိုင်ခွင့်ရှိရမည်။


(၇) စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ပညာရပ်များသင်ကြားနိုင်ခွင့်ရှိရမည်။

(၈) ပိုမိုလုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်အား ရွေးချယ်ပိုင်ခွင့်ရှိရမည်။


ကိုးကားချက် - စီးပွား/ကူးသန်းဝန်ကြီးဌာန

မြန်မာပြည်မှာ ဒီဥပဒေ ပေါ်ပေါက်ရေး ဦးဆောင်လုပ်ကိုင်နေတာကတော့ စီးပွား/ကူးသန်းဝန်ကြီးဌာန ပါပဲ။

ဒီဌာနက ပြည်ပနိုင်ငံများနဲ့ ဆွေးနွေးညှိနှိုင်းပွဲတွေ ပြုလုပ်သလို ပြည်တွင်းက တခြား အဖွဲ့ အစည်းတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်နေတယ် လို့ စီးပွား/ကူးသန်း အရာရှိတဦးက ပြောပါတယ်။

“ဒီဥပဒေထွက်လာရင်တော့ ဘာတွေ အကျိုးရမလဲ ဆိုတော့ စားသုံးသူပြည်သူတွေကို ကာကွယ်ပေးတဲ့ ထိရောက်တဲ့ ဥပဒေတရပ် ရှိလာပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

“ဥပမာဆိုရင် ပစ္စည်းတခု ၀ယ်လိုက်တဲ့အခါ ပစ္စည်းရောင်းတုန်းက ကြော်ငြာထားတဲ့အတိုင်း အပြည့်အစုံ မပါလာတာတို့ ၊ ၀န်ဆောင်မှု အပြည့်အ၀ ပေးမယ်လို့ ကြော်ငြာထားပြီး ပြောတဲ့အတိုင်း
မလုပ်တဲ့အခါ သက်ဆိုင်ရာကို တိုင်ကြားပြီး နစ်နာမှုအတွက် ပြန်လည်တောင်းယူနိုင်တဲ့ အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။

ဒီဥပဒေအကြောင်းကို ပြည်သူတွေ သိရှိစေဖို့အတွက် မြို့နယ်၊ ကျေးရွာတွေ အထိ သူတို့ လိုက်လံ ဟောပြော ရှင်းလင်းနေပါတယ် တဲ့။

ဥပဒေထွက်လာရင် သိသာထင်ရှားမယ့် အချက်တခုကတော့ ဘေးအန္တရယ်ဖြစ်စေတဲ့ အစားအသောက်တွေ နယ်စပ်ကတင်သွင်းတာမျိုးကို အရင်ကထက် ပိုပြီး စိစစ်သွားနိုင်မယ့်အချက်ပါပဲ။

ရန်ကုန်မှာတော့ "စားသုံးသူကာကွယ်ရေးအသင်း" ကို သြဂုတ် ၂၆ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
ဒီအဖွဲ့က
အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းများ ဓာတုအဆိပ်သင့်ခြင်းအန္တရာယ် ကာကွယ်ရေး
အန္တရာယ်ရှိတယ်လို့ ယူဆရသော ကုန်ပစ္စည်းတွေကို ဓာတ်ခွဲစစ်ဆေးပြီး သတင်းထုတ်ပြန်ရေး
အန္တရာယ်ရှိပစ္စည်း ထုတ်လုပ်ရောင်းချသူများကို တရားစွဲဆိုရေး စတဲ့ စတဲ့ လုပ်ငန်းတွေ နဲ့ ပညာပေးလုပ်ငန်းတွေကို နယ်မြို့များအထိ သွားရောက်လုပ်ဆောင်မယ်လို့ သိရပါတယ်။

စားသုံးသူအခွင့်အရေး ဆိုတာ တကယ်တော့ ကိုယ်မေ့နေတဲ့ ကိုယ့်အခွင့်အရေးပဲ မဟုတ်ပါလား။
From -ဧရာဝတီ

No comments:

Post a Comment