Friday, September 28, 2012

နိုင်ငံတော် သမ္မတကြီး၏ (၆၇) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်း

အထွေထွေ ညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား -
အဆွေတော်အား ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သဘာပတိအဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ် တင်မြှောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ဆားဘီးယား နိုင်ငံနှင့် မြန်မာနိုင်ငံ တို့ ဟာ ကာလရှည်ကြာ စွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ


ဖြစ်ကြ ပါတယ်။ ယနေ့ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့ အဆွေတော် ဦးစီး ဦးရွက် ပြုတဲ့ အထွေထွေ ညီလာခံကြီးက စဉ်းစား ဆွေးနွေး ဆောင်ရွက်သွားလျက် ရှိပါတယ်။ အဆွေတော်ရဲ့ ဉာဏ်ပညာ ကြီးမြင့်မှု၊ အတွေ့အကြုံ ကြွယ်ဝမှု၊ သံတမန်ရေးရာ လိမ္မာ ပါးနပ်မှု တို့ကြောင့် ကျွန်တော်တို့ရဲ့ ဒီလိုဆွေး နွေးမှု တွေဟာ မျှော်မှန်းတဲ့ ရလဒ်များ ပေါ် ထွက်လာမယ်လို့ အလေးအနက် ယုံကြည်ပါတယ်။


အလားတူပဲ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ သဘာပတိ အဖြစ် အဆွေတော်ရဲ့ ရှေ့က ဆောင်ရွက်ခဲ့တဲ့ မစ္စတာ နာဇီး အယ်လ်နာဆာကိုလည်း ပြောင်မြောက်စွာ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ခြင်း အတွက် တန်ဖိုးထား ကျေးဇူးတင် ရှိပါကြောင်း ဦးစွာ ပြောကြား လိုပါတယ်။


သဘာပတိကြီး ခင်ဗျား -

မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံး လာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေး မူဝါဒရဲ့ အခြေ ခံ

မူကြီးများထဲမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို

ထိန်းသိမ်းရေး အတွက် တက်ကြွစွာ ဆောင်ရွက်သွားရန် ပြဋ္ဌာန်း ထားပါတယ်။ ဒီလို ထိန်းသိမ်းရာမှာ နိုင်ငံများ အကြား ပေါ်ပေါက် လေ့ရှိတဲ့ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အားပေးအားမြှောက် ပြုသွားမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ ယင်းရပ်တည်ချက် သဘောထားဟာ ယခု အထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့် ပုဂ္ဂိုလ်များ အဆင့် ဆွေးနွေးမှုများ အ တွက် အဆွေတော်မှ အဆိုပြု ချမှတ်ခဲ့တဲ့ ဘာသာရပ် ခေါင်းစဉ်ဖြစ်တဲ့ “နိုင်ငံတကာ အငြင်းပွားမှုများနဲ့ အရေးအခင်းများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ညှိနှိုင်းသွားရန် သို့မဟုတ် ဖြေရှင်းသွားရန်” ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှု ရှိကြောင်း တွေ့ရှိရပါတယ်။


သဘာပတိကြီး ခင်ဗျား -

ယခုနှစ် ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရေရှည်

ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ Rio+20 အစည်းအဝေး ရလဒ်နှင့် ပတ်သက်ပြီး သဘောထားနဲ့ သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။

ယင်းအစည်းအဝေးကြီးမှာ ယခင် ကတိကဝတ်များကို ထပ်လောင်း

အတည်ပြု နိုင်ခဲ့ခြင်း၊ ရေရှည် တည်တံ့မည့် ဖွံ့ဖြိုး တိုးတက်ရေး

ရည်မှန်းချက်များကို ဖော်ထုတ်လျက် ထောင်စုနှစ် ရည်မှန်းချက်များနှင့် ဆက်စပ်နိုင်ခြင်း၊ ရေရှည် တည်တံ့မည့် စွမ်းအင်ဆိုင်ရာ ကတိကဝတ်များ

ရရှိခဲ့ခြင်း၊ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ

လုပ်ဆောင်ချက် များကို ညှိနှိုင်း ဖော်ထုတ်နိုင်မည့် အစီအမံများ

ချမှတ်နိုင်ခဲ့ခြင်း စတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အားလုံး အနေနဲ့ ယင်းဆုံးဖြတ်ချက်များပါ ကတိကဝတ်တွေကို လက်တွေ့ ဆောင်ရွက်ချက်များအဖြစ် ပြောင်းလဲ ဆောင်ရွက် သွားရန် လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ နောင်လာမယ့် သားစဉ်မြေးဆက် များ အတွက် ဘေးကင်းပြီး ရေရှည်ဖွံ့ဖြိုး တိုးတက် မှုရရှိနိုင်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုကို လက်ဆင့်ကမ်း နိုင်မှာ ဖြစ်ပါတယ်။


သဘာပတိကြီးခင်ဗျား-

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ တည်ထောင်စဉ် ကတည်းက

ထားရှိခဲ့တဲ့ အခြေခံမူများကို ဖေါ်ဆောင်ရာမှာ တက်ကြွတဲ့ ခြေ လှမ်းများနဲ့

ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဒီညီလာခံကြီးမှာ ပါဝင် တက်ရောက်လာခြင်း

ဖြစ်ပါတယ်။

ယနေ့ အချိန်မှာ ကမ္ဘာကြီးမှာ အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်နေသလို

စိမ်ခေါ်မှုများနှင့်လည်း ကြုံတွေ့နေရပါတယ်။ မြို့ပြ တည်ဆောက် မှုတွေ၊

စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ

သမိုင်းတင်လောက်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်တိုး တက်နေပါတယ်။ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုဟာလည်း ကမ္ဘာမြေကို ပိုမိုသေးငယ် စေယောင် ထင်ရပါတယ်။ တချိန် တည်းမှာဆိုသလို သဘာဝ ပတ်ဝန်းကျင်ဟာလည်း မကြုံဘူးတဲ့ ခြိမ်းးခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ခြုံငုံပြီး ပြောရရင် ကမ္ဘာကြီးဟာ ယခင်ကာလများ မှာ မရှိခဲ့တဲ့နှုန်းနဲ့ ပိုမိုလျင်မြန်စွာ ပြောင်းလဲလျက်

ရှိနေပါတယ်။


ယခု ကျင်းပတဲ့ ညီလာခံကြီးမှာ ၂၀၁၅ ခုနှစ် အလွန် ဖွံ့ဖြိုးတိုးတက်ရေး

လျာထားချက်များ ဖော်ထုတ်ရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ကိစ္စရပ်များကို အလေးထား ဆွေးနွေး ဆောင်ရွက်ခြင်းဟာ အချိန်အခါနဲ့ သင့်မြတ် လျော်ကန်မှုရှိကြောင်း ပြောကြားလိုပါတယ်။


သဘာပတိကြီး ခင်ဗျား -

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက် အောင်မြင်မှုအချို့ ရရှိနေပါတယ်။ ဒီအောင်မြင်မှု တွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပြော ကြားလိုပါတယ်။


ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ

အခွင့်အလမ်း ကောင်းတွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှု အသစ်တွေနဲ့ လည်း ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ

မြန်မာနိုင်ငံ ပြည်သူများဟာ အံ့အား သင့်ဖွယ် အပြောင်းအလဲ များကို

ဆောင်ကျဉ်းနိုင်ခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ ယခုလို သမိုင်းဝင်

အချိန်မှာ မိဘပြည်သူများ အတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များ

ထမ်းဆောင်ပေးနေရခြင်းကို များစွာ ဂုဏ်ယူမိပါတယ်။


ကျွန်တော်တို့ အစိုးရသစ် အနေနဲ့ လွန်ခဲ့တဲ့ ၁ နှစ်ခွဲခန့်က စတင်

တာဝန်ယူခဲ့တဲ့အချိန်က စပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်

-ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက်

လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနဲ့အတူ တက်ညီလက်ညီ

နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ ကြပါတယ်။ ယခင်က အာဏာ ၃ ရပ်ကို

တစ်ပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီ

နည်းလမ်းကျပြီး အပြန်အလှန် ထိန်းကြောင်းမှု စနစ်တွေ ပါတဲ့ နိုင်ငံရေး

ဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ် အားတက်ဖွယ်

ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက် လာနေပြီ ဖြစ်ပါတယ်။

အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း၊

ပြည်ပ မှာ ရောက်နေတဲ့ မြန်မာနိုင်ငံရေး အင် အားစုများကို သိက္ခာရှိစွာ

ပြန်လည် ဝင်ရောက်ခွင့် ပေးခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို

အထူး သန့်သန့်ရှင်းရှင်း အောင်မြင်စွာ ကျင်းပပေး-နိုင်ခြင်း၊ စတုတ္ထ

မဏ္ဍိုင်လို့ ခေါ်ဆိုရမယ့် သတင်းမီဒီယာအတွက် ကန့်သတ်ထားတဲ့ စာပေစိစစ်ရေးကို ပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ အသုံးပြု ခွင့်ပေးခြင်း၊ အလုပ်သမားနှင့် အလုပ်ရှင်အသင်းအဖွဲ့များ ဖွဲ့စည်းတည် ထောင်ခွင့်နှင့် ပြည်သူများ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်းစတဲ့ ဆောင်ရွက်ချက်များကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။


လက်ရှိ ရောက်ရှိနေတဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ ဆိုရင် မတူညီသော

နိုင်ငံရေး အင်အားစုများ ပိုမို ပါဝင်လာပြီး ယင်းတို့အကြား စိတ်ရှည်သည်း

ခံနိုင်စွမ်း၊ သဘောထားကြီးနိုင်စွမ်း မြင့်မားလာမှု၊ နိုင်ငံရေးမှာ

ပါဝင်လုပ်ဆောင်နိုင်တဲ့ နယ်ပယ်ချဲ့ထွင်နိုင်မှု၊ ပြည်သူလူထု အများစု

တိုးမြှင့် ကိုယ်စားပြုနိုင်မှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာမှု စတဲ့

ဒီမိုကရေစီရဲ့ အခြေခံ လက္ခဏာများ ပိုမို ပေါ်ထွန်းလာနေပါ တယ်။

ကျွန်တော်တို့ အစိုး ရနဲ့ သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေး သည်းခံမှု

ရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေး အဖြေရှာခြင်း ဆိုတဲ့ နိုင်ငံရေး

ယဉ်ကျေးမှု ဓလေ့သစ် ကို စတင် ပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။


သဘာပတိကြီးခင်ဗျား -

ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော် ကော်မတီရဲ့ ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နူးယောက်ခ်မြို့မှာ

ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန်

ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကို လည်း မြန်မာနိုင်ငံသား

တစ်ယောက်အနေနဲ့ ကျွန်တော် ဝမ်းမြောက်ဂုဏ်ယူပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက် ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့

လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဂုဏ်သရေကို မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီလို

မြှင့်တင်နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်ပြီး

ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေး အတွက် အထူးလိုအပ် တဲ့ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။


သဘာပတိကြီးခင်ဗျား -

ဥပဒေပြုရေး မဏ္ဍိုင်ကို ကြည့်ရင် လွှတ်တော် အစည်းအဝေးများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီးအရေး ကြီးတဲ့ ဥပဒေများကို ဒီမိုကရေစီ နည်းကျကျ အတည်ပြု ပြဋ္ဌာန်းလာနိုင်ပြီ ဖြစ်ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားတဲ့ စီးပွားရေး ဖွံ့ဖြိုး မှုစနစ် တစ်ရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရန်၊ နိုင်ငံတကာ အလုပ်သမား အခွင့်အရေးတွေ နဲ့အညီ ရရှိစေရန်တို့အတွက် လို အပ်တဲ့ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေး ဆောင်ရွက်လျက် ရှိ နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ကဲ့သို့သော သဘာဝ သယံဇာတတွေ ထုတ်ယူ သုံးစွဲတဲ့ ကဏ္ဍမှာ ပွင့်လင်း မြင်သာပြီး ဘက်လိုက်မှုကင်းတဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ဖြစ်အောင် ဆောင်ရွက်နေပါတယ်။


သဘာပတိကြီးခင်ဗျား -

စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင်

ပဋိပက္ခများအားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာ ဆောင်ရွက်ဖို့ လိုအပ်

တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရှေရှည်တည်တံ့တဲ့

ငြိမ်းချမ်းရေး တစ်ရပ်ရရှိဖို့ကိုလည်း ကျွန်တော်တို့ အလေး ထား

ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ ရတာကို အဆုံး သတ်နိုင်ဖို့

"စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့" (From War To Peace) ဆိုတဲ့

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင် ရွက်နေပါတယ်။ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ် ပါတယ်။ နှစ်ဘက် အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက် လျက် နှစ်ဘက် ဆွေးနွေးပွဲတွေကို ဆက်လက် ပြုလုပ်သွား မှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝ အဆုံး သတ်စေမယ့် အပြီးသတ် သဘောတူညီမှု ရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို

ကုစားနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်

ငန်း-ကော်မတီ ခေါင်းဆောင်များနဲ့ ကချင် တိုင်းရင်းသား လက်နက်ကိုင်

တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည် မှုများ

တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့်

မည်သည်ဘက်ကဖြစ်စေ အသက် နှင့် အိုးအိမ် ပစ္စည်း ဆုံးရှုံးမှုရှိရင်

မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်။


သဘာပတိကြီးခင်ဗျား -

အထက်မှာ ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊

စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေကို မမှိတ်မသုံ

လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲ တချို့လည်း

ပေါ်ပေါက် ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ် ပေါက်ခဲ့တဲ့

ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းလို့ ပထမဆုံး ပြောလိုတဲ့ အချက်ကတော့

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူ အားလုံး

လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မခွဲဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ အချက် ပဲ

ဖြစ်ပါတယ်။


ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက် ပေးထားတဲ့

လွတ်လပ်တဲ့ အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင် တစ် ရပ်ကို ကဏ္ဍ

နယ်ပယ်အသီးသီးနဲ့ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေး ပြီး ဖြစ်ပါတယ်။


ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဒီကော်မတီအနေနဲ့ ကျွန်တော်ဆီကို တင်ပြလာမှာ ဖြစ်ပါတယ်။


ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ စပ်လျဉ်းလို့ ထင်သာမြင်သာ ရှိစေရန်နဲ့ မိမိတို့

အနေနဲ့ အလေးထား ဆောင်ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ်

ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံ၊

ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ နိုင်ငံ တကာ သံတမန် များစတဲ့

ကိုယ်စားလှယ်အဖွဲ့များကို ရခိုင်ပြည်နယ်ကို မျက်မြင်ကိုယ်တွေ့ သွားရောက် လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ ကူညီထောက်ပံ့လို တဲ့ အဖွဲ့များကိုလည်း ၎င်းတို့အနေနဲ့ အသိုက်အဝန်း နှစ်ခုစလုံးကို ခွဲခြားမှုမရှိဘဲ

အကူအညီပေးမယ်ဆိုလို့ရှိရင် ကူညီထောက်ပံ့နိုင်-အောင်ဆောင်ရွက် ပေးထားပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုး

မဟုတ်ပါဘူး။ မိမိတို့ အစိုးရ အနေနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်

ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့် ပေါင်းစုံက ချဉ်းကပ်

ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင် တဲ့

နိုင်ငံတစ်နိုင်ငံ အနေနဲ့ မိမိနယ်စပ်မျဉ်းတွေ လုံခြုံဖို့

ဆောင်ရွက်ခွင့်၊ နိုင်ငံ အချုပ်အခြာအာဏာကို ကာကွယ်ပိုင် ခွင့်နှင့်

ကာကွယ်နိုင်ခွင့် ရှိတယ်လို့လည်း ကျွန်တော်တို့ အနေနဲ့ ရိုးသားစွာ

ယုံကြည်ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်း ကျင့်ထုံးများနှင့်

ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း

ပြောကြားလိုပါတယ်။


သဘာပတိကြီးခင်ဗျား -

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အလွန်

နက်နဲခက်ခဲပြီး စိတ်ရှည်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်ကောင်းစွာ

သတိပြုမိပါတယ်။ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံများ၊

နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံး အနေ နဲ့ မြန်မာပြည်သူ များရဲ့

ဒီလုပ်ငန်းစဉ်ကို နားလည် ထောက်ခံမှုနဲ့ အကူအညီများ ပေးဖို့ လိုအပ်ပါတယ်။


မြန်မာနိုင်ငံကို ချဉ်းကပ်နည်း အသစ်တွေနဲ့ ရှုမြင် ချဉ်းကပ်ဖို့လည်း

လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို

ဝိုင်းဝန်းဖန်တီး ပေး ဖို့လည်း လိုအပ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပ

အကူအညီများအပေါ် သက်သက်အပေါ် မှီခိုရပ်တည်ခြင်းထက် မိတ်ဘက် နိုင်ငံတစ်နိုင်ငံအနေနဲ့ ပူးပေါင်း လက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။


သဘာပတိကြီးခင်ဗျား -

မြန်မာနိုင်ငံဟာ ယခုဆိုရင် ခေတ်သစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့

ကုလသမဂ္ဂ မိသားစုဝင် နိုင်ငံအဖြစ် ကဏ္ဍပေါင်းစုံမှာ ပိုမို ကျယ်ပြန့်

နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ အလယ်မှာ

တာဝန်သိတဲ့၊ ဂုဏ်သရေရှိတဲ့ နိုင်ငံ တစ်ခုအဖြစ် ရပ်တည်ရင်း ၂၁ ရာစုရဲ့

စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်း သွားမယ် ဖြစ်ကြောင်း

ပြောကြားလိုပါတယ်။


လက်ရှိ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေနဲ့ ဒုတိယအကြိမ် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်

ရွေးချယ်ခံရခြင်းဖြစ်တဲ့အပြင် ၎င်း၏အောင်မြင်သည့် လုပ်ဆောင်မှုများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။


သဘာပတိကြီးခင်ဗျား -

ကျွန်တော်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်းအရာ

တစ်ရပ်ကို ပြောကြားခွင့်ပြု စေလိုပါတယ်။ အဲဒါက တော့ ကုလသမဂ္ဂရဲ့

တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ သားကောင်း ဦးသန့် အကြောင်းပဲ ဖြစ်ပါ တယ်။ ဦးသန့် အနေနဲ့ အဲဒီတုန်းကပဲ “တစ်ခုတည်းသောကမ္ဘာ” (One World) ဟူသောအမြင် ကြိုတင်ရှိထားပြီး ဖြစ်ပါတယ်။


ဦးသန့် အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ပြီး

မတူကွဲပြား ခြားနားမှုများ ရှိနေသော်လည်း ဘေးကင်း လုံခြုံတဲ့

ကမ္ဘာကြီးအဖြစ် မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ပြည်သူအားလုံးဟာ

ကိုယ်ချင်းစာ တရား၊ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊

သည်းခံခွင့်လွှတ်မှုတို့ကို လိုက်နာကျင့်သုံး နိုင်ကြမယ်လို့လည်း ဦးတည်

မျှော်မှန်းထားပါတယ်။ ဒီအမြော်အမြင်အရ လိုက်နာကျင့်သုံးနိုင် မယ်ဆိုရင်

ပိုမို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီး အဖြစ်သို့

ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။


ကျွန်တော့် အနေနဲ့၊ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့

ဆောင်ရွက်ချက်တွေကို၊ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ

မဟုတ်ဘဲ၊ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမည် ဖြစ်ပါကြောင်း ပြောကြားရင်း

နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


Hmuu Zaw Facebook

No comments:

Post a Comment