Sunday, September 16, 2012

နော်ဝေးက အကျဉ်းထောင် အကြောင်း

 
ဓါတ်ပုံကြည့်ရုံနဲ့ အကျဉ်းထောင်ပါ လို့ ပြောရင် ယုံဖို့ မလွယ်ပါ။ တကယ်ပါ... ဒီပုံဟာ လူဦးရေ ငါးသန်းပဲ ရှိတဲ့ နော်ဝေး နိုင်ငံက အကျဉ်းထောင်ထဲက လှုပ်ရှားမှု ဓါတ်ပုံ တွေ ဖြစ်ပါတယ်။ ထောင် ဆိုတာထက် တက္ကသိုလ် ကျောင်းဆောင်လို ဖြစ်နေတဲ့ ဒီထောင်မှာ မနှစ်က လူ ၇၀ ကျော် သတ်လိုက်တဲ့ လူသတ်သမား ၂၁ နှစ်လုံးလုံး သွားနေမဲ့ အကျဉ်းထောင်ပါ။သိပ်ကြာကြာ နေချင်လဲ နေလို့ မရပါဘူး။ နော်ဝေးမှာ အမြင့်ဆုံး ထောင်ဒဏ်က ၂၁ နှစ်ပါ။

ထောင်သား တစ်ယောက်အတွက် ကိုယ်ပိုင် ရေချိုးခန်း၊ အိမ်သာ၊ နံရံကပ် တီဗီ၊ မွေ့ရာ နဲ့ သန့်ရှင်း သပ်ရပ်တဲ့ အခန်းတစ်ခန်းရမှာပါ။

အချိန်မှန်မှန် လေ့ကျင့်ခန်းလုပ်ဖို့ လေ့ကျင့်ပေးတဲ့ ပြုံးရွှင်နေသော မျက်နှာထားရှင် ဆရာမက ဦးဆောင်မှာပါ။

လုံခြုံရေးပေးနေတဲ့ ရဲအစောင့်တွေဟာလဲ ပြုံးရွှင်သော မျက်နှာထားတွေနဲ့ သူငယ်ချင်းလို ဆက်ဆံမှာပါ။

အစားအသောက်အတွက် ကိုယ်ကြိုက်တာ ယူချက်စားလို့ ရ အောင် ရေခဲ သေတ္တာ မှာ အချိန်တိုင်း အပြည့်ထည့်ထားပေးမှာပါ။

တီးဝိုင်းထောင်မလား၊ သီချင်းသွင်းမလား စတိုဒီယို အကောင်းစား အခမဲ့ ပေးထားပါတယ်၊ ပညာရပ် စုံလင်စွာလဲ လေ့လာ လို့ ရအောင် IT နည်းပညာဆိုင်ရာ၊ ဘာသာစကား၊ ပန်းချီ၊ အနုပညာ နှင့် အသက်မွေးဝန်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများ၊ အထက်တန်းကျောင်း က အစ ရှိပါတယ်။

ကိုယ့်အချိန်ကိုယ် မပိုင်တာကလွဲပြီး လူ့ဘ၀ ဖြစ်တည်မှုအတွက် ဘာမှ အနှောက်အယှက်မပေးပါ။ ကိုယ်ပိုင်အချိန်ဆုံးရှုံးရခြင်းကို အကြီးဆုံးနစ်နာမှု အနေနဲ့ မြင်ထားလို့ပါပဲ။

သူတို့ ဒီလို ထောင်သားတွေကို အလိုလိုက်ထားလို့ ဒုစရိုက်မှု ပိုများလာတာ မရှိပါဘူး....

နော်ဝေးနိုင်ငံဟာ ကမ္ဘာ့အချမ်းသာ ဆုံး နဲ့ လူ့အခွင့်အရေး အပြည့်ဝဆုံး နိုင်ငံဖြစ်ပါတယ်။ နိုပယ်လ်ဆုကို နှစ်တိုင်း ချီးမြင့်နေတဲ့ နိုင်ငံလဲ ဖြစ်ပါတယ်။

နော်ဝေး ပါလီမန် နဲ့ ဘုရင့် နန်းတော်ဝန်းမှာ လဲ အစောင့်မထားပါဘူး။ ကြိုက်တဲ့ လူ ၀င်ထွက်နိုင်ပါတယ်။ ပါလီမန်မှာလဲ လူတိုင်း ၀င် နားထောင်လို့ ရပါတယ်။

သူတို့ ချမ်းသာတာကတော့ ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ကြောင့် ဖြစ်ပါတယ်။ အစိုးရက ထွက်လာသမျှ သယံဇာတ၀င်ငွေကို စနစ်တကျ ခွဲဝေပေးတဲ့ သဘောလဲ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း ထောင်သားကအစ နိုင်ငံ့အရင်းအမြစ် ကို ညီတူမျှတူ စံစားနိုင်တဲ့ စနစ်မျိုးကို ချမှတ်ထားခြင်း ဖြစ်ပါတယ်။

နော်ဝေး နိုင်ငံသားတိုင်း အဆင့်မြင့်မြင့် နေနိုင်ဖို့ အစိုးရ က အာမခံပါတယ်။ အလုပ်မရှိလဲ အစိုးရ က အလုပ်ရှာပေးတယ်။ အလုပ်မပေးနိုင်ရင် အလကား ကျွေးထားရပါတယ်။ အနဲဆုံး ဒေါ်လာ တစ်ထောင်ကျော် နဲ့ ညီမျှတဲ့ နော်ဝေးပိုက်ဆံ ထောက်ပံ့ကြေးပေးထားရပါတယ်။ အိမ်မရှိတဲ့ လူတွေအတွက် အစိုးရ က အိမ်ရှာပေးရပါတယ်။ အိမ်သား အရေအတွက် လိုက်ပြီး သင့်တော်တဲ့ အိမ်ခန်း အကျယ်အ၀န်း ရှာပေးပါတယ်။ ဘယ်သူ့ကိုမှ လမ်းဘေး မထားပါဘူး။ အိမ်တိုင်းက အစိုးရ သတ်မှတ်ထားတဲ့ အဆင့်အတန်းမီ အိမ် ဖြစ်ရပါမယ်။

အသက် ၆၅ ကျော်တဲ့ လူတိုင်း ပင်စင် ရပါတယ်။ တစ်ခါမှ အခွန်မဆောင်ဖူးတဲ့ လူအတွက် အနည်းဆုံး ပင်စင်ကတော့ ဒေါ်လာတစ်ထောင်ကျော်ပါ။

အလုပ်လုပ်တဲ့ လူတိုင်းလဲ အခွန် နစ်နေအောင် ဆောင်ရပါတယ်။ အနည်းဆုံး အခွန်က ၃၀ ရာခိုင်နှုန်းပါ။ ၀င်ငွေ ပိုများလေ အခွန် ပိုထည့်ရလေပါပဲ။ သို့သော်လဲ အစိုးရ ကောင်းတဲ့ အတွက် ဘယ်သူမှ မငြီးပါဘူး။
အခွန်ထည့်ထားတယ် ဆိုတာ အစိုးရမှာ ငွေစုထားတဲ့ သဘောလို့မြင်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ အစိုးရ က လူတိုင်းရဲ့ အခွန်အတွက် နည်းမျိုးစုံနဲ့ ခံစားခွင့် ပြန်ပေးလို့ပါပဲ။

ဒီမိုကရေစီ စနစ်ရဲ့ တန်ဖိုးကို အကောင်းဆုံး အကျိုးခံစားတဲ့ နိုင်ငံ ဆိုလဲ မမှားပါဘူး။

လူ့ အခွင့်အရေး ဆိုတာ လူကို တန်ဖိုးထားတတ်တဲ့ နိုင်ငံတွေရဲ့ စံနှုန်း သတ်မှတ်ချက်လဲ ဖြစ်ပါတယ်။ ဒီစံနှုန်းအတိုင်း တန်ဖိုးထားရင်းနဲ့ပဲ သူတို့ ချမ်းသာလာတာပါ။








မူရင်း သတင်းလင့်

No comments:

Post a Comment