Thursday, September 6, 2012

တောင်တရုတ်ပင်လယ်တွင်း လွတ်လပ်မှုနှင့် လုံခြုံမှုအတွက် တရုတ် အာမခံ

From- The Voice Weekly

နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်မှုနှင့် ရေကြောင်းသွားလာရေးလုံခြုံမှု စသည်တို့နှင့်ပတ်သက်၍ အာမခံချက်ရှိအောင် လုပ်ဆောင် သွားမည်ဟု တရုတ်နိုင်ငံက ကတိကဝတ်ပြုပြောဆိုကြောင်း The Straits Times သတင်းစာကရေးသားဖော်ပြ သည်။

တရုတ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းသွားလာေ ရး နယ်ပယ်အတွင်း နိုင်ငံတကာ ဥပဒေနှင့် ရေကြောင်းသွားလာမှုဆိုင်ရာ လွတ်လပ်ခွင့်များရှိအောင် လုပ်ဆောင်ပေးသင့်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ တိုက်တွန်းပြောဆိုမှုအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ယန်ကျိချီက အထက်ပါအတိုင်းတုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။ သို့သော် ဖြစ်နိုင်ခြေ ရှိသော ရေကြောင်းဆိုင်ရာ ပဋိပက္ခများဖြေရှင်းနိုင်ရေးအ တွက် နိုင်ငံပေါင်းစုံပါလုပ်ထုံးလုပ်နည်း စနစ်တစ်ရပ်ဖော်ထုတ်ရန် အဆိုပြုချက်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုမှုမပြုပေ။

"တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်မှုနှင့် ရေကြောင်းသွားလာရေးလုံခြုံမှုကိစ္စကို တရုတ်နိုင်ငံက အာမခံနိုင်ပါတယ်။ တရုတ်ပြည်နဲ့ အိမ်နီးချင်းနိုင်ငံတွေ အပြန်အလှန် ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး ကူးသန်းရောင်းဝယ်ရေးပြုလုပ်ဖို့အတွက် တောင်တရုတ်ပင်လယ်ပြင်ဟာ အသက်တမျှအရေးကြီး ပါတယ်။ လောလောဆယ်ဒီနယ်ပယ်မှာ ဘာအရေးကိစ္စမှမရှိသလို အနာဂတ်မှာလည်း ပြဿနာ ကြီးကြီး မားမား ရှိလာမှာမဟုတ်ပါဘူး" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီကပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မစ္စတာ ယန်ကျိချီနှင့်အတူ ဘေဂျင်းမြို့ ၌ပြုလုပ်သော ကွန်ဖရင့် ၌ "ယခုအချိန်သည် တရုတ်ပြည်အနေဖြင့် တောင်တရုတ်ပင်လယ်ပြင်တွင်း အငြင်းပွားမှုများကိုဖြေရှင်းနိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်မှုစည်းမျည်းစည်းကမ်းများကို အခြားနိုင်ငံ များနှင့် အတူ ထုတ်ဖော်ရေးဆွဲသင့်သည့် အချိန်အခါကောင်းပင်ဖြစ်ကြောင်း" ပြောကြားသည်။ "တရုတ်နဲ့ အာဆီယံအနေနဲ့ သံတမန်ရေးရာနည်းလမ်းတွေအသုံးပြုပြီး ဖြေရှင်းနိုင်မယ်လို့ ကျွန်မတို့ကယုံကြည် ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း မည်သို့သောနည်းလမ်းမဆို ကူညီပံ့ပိုးနိုင်ဖို့ အသင့်ရှိနေပါတယ်" ဟု တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဟီလာရီကလင်တန်ကဆိုသည်။ လာမည့် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပရန်ရှိသည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ(EAS) တွင် အဆိုပါ လုပ်ကိုင်ဆောင်ရွက်မှုစည်းမျည်းစည်းကမ်းများ အသင့်ဖြစ်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုသည်။

No comments:

Post a Comment