Wednesday, September 26, 2012

မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ကြောင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများကို ပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဖြစ်သည့် Congressional Gold Medal ဆုကို လက်ခံရယူရန် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေ စဉ်ဒေါ်အောင်ဆန်းစုကြည်က CNN နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

''မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ Sanction ကြောင့်လို့ မထင်ပါဘူး။ ကမ္ဘာ့ငွေကြေးအဖွဲ့ IMF ရဲ့ စစ်တမ်းတွေကို ကျွန်မ ကိုးကားပြီး ပြောလေ့ရှိပါတယ်။ မြန်မာ့စီးပွားရေး ချွတ်ခြုံကျရတာဟာ Sanction ကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲညံ့ ဖျင်းခြင်းကြောင့်ပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။
သို့သော် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များသည် စီးပွားရေးပိတ်ဆို့မှု တစ်ခုတည်းကြောင့် ဖြစ်ပေါ်ခဲ့သည်မဟုတ်သော်လည်း နိုင်ငံရေးအရ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်းလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်က အင်တာဗျူးတွင် ဖြေကြားခဲ့ပါသည်။
အမေရိကန်သို့ တင်သွင်းသည့် မြန်မာ့ထွက်ကုန်များအပေါ် ပိတ်ဆို့ထားသည့် export sanction ကို ပယ်ဖျက်ပေးရန်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ''ရုပ်သိမ်းသင့်ပြီလို့ ထင်ပါတယ်။ လုံးဝရုပ်သိမ်းတာ မဟုတ်ရင်တောင်မှ လျော့ချတာမျိုး လုပ်လို့ ရပါတယ်။ အဲလိုလုပ်တာကို ကျွန်မအားပေးမှာပါ။ ကျွန်မတို့ ပြည်သူတွေကို သူတို့လုပ်နိုင်တာပြဖို့ အခွင့်အရေးပေးရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်''ဟု အင်တာဗျူးတွင် တိုက်တွန်းပြောကြားခဲ့သည်။
စက်တင်ဘာလအတွင်းက နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ရာတွင် မိမိတို့ NLD  အပါအ၀င် ပါတီအဖွဲ့အစည်းများ၏ စာရင်းရှိ နိုင်ငံရေးသမားများ လွတ်မြောက်လာခြင်းမရှိကြောင်းနှင့် အမြန်ဆုံး လွတ်မြောက်ရန်ထင်ကြောင်း ပြော ကြားခဲ့သည်။
ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရမှုများနှင့် ပိတ်ဆို့မှုများသည် ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ခြင်းဟု မယူဆကြောင်း၊ စစ်ဗိုလ်များကို သဘောကျကြောင်းနှင့် ဖခင်တည်ထောင်ခဲ့သော စစ်တပ်ဖြစ်သောကြောင့် လုပ်ရပ်များကို သဘောမကျလျှင်ပင် မေတ္တာရှိကြောင်း စစ်တပ်အပေါ်ထားသည့် သူမ၏ သဘောထားကို ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူများမပါဝင်ခဲ့လျှင် ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မည်မျှအနိုင်ရရှိမည်ကို ပြောရန်စောသေးကြောင်းနှင့် လာမည့်ရွေးကောက်ပွဲမတိုင်မီ တကယ့်ဒီမိုကရေစီ တည်ဆောက်ရေးကသာ ပိုမိုအရေးကြီးပြီး လုပ်ဆောင်ချက်များကသာ ၂၀၁၅ ခုနှစ်အတွက် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ကွဲကွာနေသော သားကြီးနှင့် ၎င်းတို့အကြား ဆက်ဆံရေးနှင့်ပတ်သက်၍ အင်တာဗျူးတွင် ''ကျွန်မသားနဲ့ ကျွန်မ မစိမ်းပါဘူး။ အချင်းချင်း နှစ်ပေါင်းများစွာ မတွေ့ကြတဲ့လူတွေကို ဒီလိုပဲပြောချင်ကြမယ်လို့ ထင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံသို့ လာရောက်ရင်း နှီးမြှုပ်နှံမည့်သူများသည် ၎င်းတို့အတွက်အပြင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မှုကို မိမိအနေဖြင့် အလေးအနက်ထောက်ခံပါကြောင်းနှင့် ပိတ်ဆို့မှုများ အဆုံးသတ်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင်လည်း ပြောကြားခဲ့သည်။
ထို့အတူ အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်မှုကို အမေရိကန်အနေဖြင့် ကူညီမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါသည်။
အမေရိကန်အပါအ၀င် အနောက်ဥပရောပသမဂ္ဂနိုင်ငံများမှ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ပြန်လည်ဖြေလျော့မှုများ ပြုလုပ်ခဲ့သည်။
From-EMG

No comments:

Post a Comment