Wednesday, September 5, 2012

ကနေဒါကုန်သွယ်ရေးဝန်ကြီး Ed Fast မြန်မာနိုင်ငံ လာရောက် မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကနေဒါသံရုံးသစ်၌ ကုန်သွယ်ရေးမဟာမင်းကြီးတစ်ဦး ထားရှိမည်

မြန်မာနိုင်ငံတွင် မကြာမီဖွင့်လှစ်သွားမည့် ကနေဒါသံရုံးသစ်၌ ကုန်သွယ်ရေးမဟာမင်းကြီးတစ်ဦး ထားရှိမည်ဖြစ်ကြောင်း ကနေဒါကုန် သွယ်ရေးဝန်ကြီး Ed Fast က စက်တင်ဘာလ ၃ ရက်နေ့က ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကနေဒါကုန်သွယ်ရေးဝန်ကြီး Ed Fast က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေလို သည့် ကနေဒါကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို ကူညီရ န်ဖြစ်ေ ကြာင်း ပြောကြားခဲ့သည်။
ကနေဒါကုန်သွယ်ရေးဝန်ကြီး Ed Fast သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ နှစ်ရက်ကြာ လာရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရောက်ရှိစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေး ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ကနေဒါကုန်သွယ်ရေးဝန်ကြီးတို့ နေပြည်တော်၌ စက်တင်ဘာလ ၃ ရက်နေ့ က တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကနေဒါနိုင်ငံ အစိုးရက စီးပွားရေးပိတ်ဆို့မှု များကို ဖြေလျော့ပေး၍ ကျေးဇူးတင်ပါကြောင်း၊ ကနေဒါနိုင်ငံ အော့တ၀ါမြို့၌ မြန်မာနိုင်ငံသံရုံးကို ဖွင့်လှစ်နိုင်ရန် စီစဉ်နေပါကြောင်း၊ မြန်မာနိုင်ငံသည် တည်နေရာအနေအထားအရ ကြီးမား သည့် ဈေးကွက်ကြီး များနှင့် ဆက်စပ်နေပါကြောင်း၊ ထို့ကြောင့် လုပ်အားကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ၊ နိုင်ငံထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်ပေးနိုင်မည့် စက်ရုံ၊ အလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ သီးနှံထွက်ကုန်များကို အဆင့်မြှင့်တင်ရောင်းချနိုင်သော အခွင့်အလမ်းများစွာ ရှိပါကြောင်း၊ ရော်ဘာ၊ ဆီအုန်းစသည့် စိုက်ခင်းများ များစွာစိုက်ပျိုးထားသဖြင့် Down Stream Industry များ လာရောက် တည်ဆောက်နိုင်ပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသူများကိုလည်း ဥပဒေဖြင့် အကာ အကွယ်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်လာအောင် အဆွေတော် က ဆောင်ရွက်ပေးနိုင် မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ကုန်သွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေရန်အတွက် မိမိနှင့်အတူ ကုမ္ပဏီကိုယ်စားလှယ်အဖွဲ့ ၂၆ ဖွဲ့လိုက်ပါလာကြပါကြောင်း၊ ကနေဒါနိုင်ငံ အစိုးရအနေဖြင့် မိမိနိုင်ငံမှ ကုမ္ပဏီများကို စံချိန်စံညွှန်းများ မြင့်မြင့်မားမား ချမှတ်ထားပြီး CSR စံချိန်စံညွှန်းများကိုလည်း သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်သည့် ကနေဒါနိုင်ငံသားများကို ဆိုက်ရောက် ဗီဇာထုတ်ပေးစေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက မကြာမီ မြန်မာနိုင်ငံတွင် ကနေဒါနိုင်ငံ သံရုံးဖွင့်လှစ်ပါက ဆိုက်ရောက်ဗီဇာကိစ္စကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ မလာရောက်မီ ကနေဒါကုန်သွယ်ရေးဝန်ကြီး Ed Fast သည် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘော ဒီးယားနိုင်ငံများသို့ ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် သွားရောက်ခဲ့သည်။
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က မြန်မာနိုင်ငံတွင် ကနေဒါသံရုံးကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လလယ်ပိုင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ကနေဒါနိုင်ငံက ဆိုင်းငံ့လိုက်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ဧပြီလ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။ ဆိုင်းငံ့လိုက်သော အရေးယူပိတ်ဆို့မှုများတွင် ပို့ကုန်သွင်းကုန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုများပါဝင်ပြီး လက်နက်တင်ပို့ရောင်းချမှုနှင့် စစ်ရေးဆိုင်ရာ နည်းပညာများအပေါ် ချမှတ်ထားသော အရေးယူပိတ် ဆို့မှုများကိုမူ ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။
ထိုကဲ့သို့ အရေးယူပိတ်ဆို့မှုများကို ဆိုင်းငံ့ခဲ့ရခြင်းမှာ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ဒီမိုကရေ စီ ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များကို အသိအမှတ်ပြုသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
Eleven Media

No comments:

Post a Comment