Thursday, October 18, 2012

ဧရာဝတီနှင့် ရန်ကုန်တိုင်း ဒေသကြီးများ၌ လယ်ယာမြေများ သိမ်းဆည်း ခံရမှု အများဆုံးဖြစ်နေ

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ လယ်ယာမြေ များ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး သိမ်းဆည်းသည့် အဖွဲ့အစည်း အများစုမှာ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြောင်း  ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မရှင်မှ အဖွဲ့ဝင်များသည် လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံရသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက် ကွင်းဆင်း လေ့လာ မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရာတွင် လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားသူ အများစုမှာ အထောက်အထားများ မှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့် အမှုပေါင်း ၁၇၆ မှုရှိကြောင်း သိရှိရသည်။ သိမ်းဆည်းခံရသည့် မြေများတွင် စိုက်ပျိုးရေး လုပ်ကိုင်နေသည့် လယ်ယာမြေများသည် အများဆုံး သိမ်းဆည်းခံရသည့် မြေအမျိုးအစားဖြစ်ပြီး သိမ်းဆည်းသည့် အဖွဲ့အစည်း အများစုသည် ပုဂ္ဂလိကကုမ္ပဏီများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ''ကျွန်တော်တို့အဖွဲ့က ရခိုင်ပြည်နယ်ဘက်ကို သွားပြီး ကွင်းဆင်းလေ့လာပါတယ်။ လွှတ်တော်ပြီးတဲ့ စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်း ကာလကစပြီး အောက်တိုဘာလ ဒုတိယပတ်အထိ တစ်လကျော်ကြာ သွားရောက်လေ့လာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကွင်းဆင်းလေ့လာ စစ်ဆေးတဲ့အခါမှာ ရခိုင်ပြည်နယ်မှာ လယ်မြေတွေ သိမ်းခံရတာ အများစုဖြစ်ပြီး အများစုက ပုဂ္ဂလိကပိုင်းက သိမ်းတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ လယ်ယာမြေ သိမ်းဆည်းခံရလို့ လာရောက်တိုင်ကြားကြတဲ့ သူတွေကို စစ်ဆေးကြည့်တဲ့အခါမှာ သူတို့တွေဆီမှာ အထောက်အထားတွေ အနေနဲ့ နိုင်ငံတော် အခွန်မှတ်တမ်းတွေ ဖြစ်တဲ့ တစ်နှစ်အတွင်း စပါးသွင်းနှုန်း မှတ်တမ်းတွေ၊ မြေခွန်ဆောင်ထားတဲ့ အချက်အလက်တွေရှိတာ တွေ့ရပါတယ်။ အမှန်တကယ် မတရားခံရလို့ တိုင်ကြားတာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ဒီလိုရရှိတဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အစီရင်ခံစာ အနေနဲ့ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြပါမယ်။ ကော်မရှင်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့အစည်းတွေထံ ဆက်လက် တင်ပြသွားဖို့ ရှိပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေ သိမ်းဆည်းခံရသည့် မြေဧကပေါင်း သိန်းချီရှိကြောင်း၊ အဆိုပါမြေများအား သက်ဆိုင်ရာ ကုမ္ပဏီများမှ တောင်သူလယ်သမားများထံ ပြန်လည်ပေး အပ်ပါက ပြဿနာမှာ ပြေလည်သွားမည် ဖြစ်ကြောင်း၊ အချို့အဖွဲ့အစည်းများမှ ပြန်လည်ပေးအပ်မှုများ ရှိသော်လည်း အများစုမှာ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း စုံစမ်းရေးကော်မရှင်မှ အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
ခေတ်လူငယ်

No comments:

Post a Comment