ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊
ကနောင်မင်းသားကြီး (၅) လမ်း
အတွင်းရှိ အလုပ်ရုံတစ်ခုတွင်
အောက်တိုဘာလ ၇ ရက်နေ့ည
ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

'' အဲဒီမှာက အထည်ချုပ်က အစတွေကိုကြိတ်ပြီး ပြန်ဖွတဲ့နေရာလို့ပဲသိတယ်။
အဲဒါတွေကိုခေါင်းအုံးတွေ၊ အရုပ်တွေ မှာ သွတ်တယ်လို့ ပြောတယ်။
အတိအကျတော့ မသိသေးဘူး။ ၀ါယာရှော့ဖြစ်တယ် လို့တော့ကြား တယ်'' ဟု ယင်းပတ်ဝန်းကျင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။
မီးလောင်ကျွမ်းမှုသည် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် ၃၂ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြု ယာဉ် ၆ စီး၊ စက်မှုဇုန်အသင့် မိတ်ဖက်ယာဉ် ၁ စီးဖြင့် ငြှိမ်းသတ်ခဲ့ရကာ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အဆိုပါအလုပ်ရုံတစ်ခုလုံး လောင်ကျွမ်းခဲ့ပြီး အခြားဘေးပတ်ဝန်းကျင်အဆောက်အဦ များကို ကူးစက်မှုမရှိခဲ့ကြောင်း သိရသည်။
From- Eleven Media Group

No comments:
Post a Comment