Friday, October 19, 2012

စက်သုံးဆီ တန်ချိန် ၃၈,ဝဝဝ ကျော် တင်သွင်းရန် စီစဉ်နေ



ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်တွင်း စက်သုံးဆီ ဈေးကွက်အတွက် ဓာတ်ဆီနှင့် ဒီဇယ် စုစုပေါင်း တန်ချိန် ၃၈,ဝဝဝ ကျော် ကို ပုဂ္ဂလိက ကုမ္ပဏီများမှ တဆင့် တင်သွင်းရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တဆင့် သိရှိရသည်။

“ဓာတ်ဆီ ၃,၅၃၉ တန်၊ ဒီဇယ် ၃၅,၄၂၅ တန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းဖို့ ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုက အောက်တိုဘာလ ပထမပါတ်ထဲမှာ လိုင်စင် လျှောက်ထားလာပါတယ်” ဟု ဝန်ကြီးဌာန တာဝန်ရှိသူတဦးက
ပြောသည်။

ရန်ကုန်ဈေးကွက်အတွင်း ဓာတ်ဆီနှင့် ဒီဇယ်များမှာ ပုံမှန်အရောင်းအဝယ်တွင် ရှိနေပြီး အောက်တိုဘာလ ဒုတိယပါတ်အတွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ တဂါလံလျှင် ကပ် ၅ဝ ခန့် မြင့်တက်လာခဲ့သည်။ ယခုအပါတ်အတွင်း ပုဂ္ဂလိကဆိုင်များ၏ ရောင်းဈေးမှာ ဓာတ်ဆီ တဂါလံ ၃,၆၅ဝ ကျပ်၊ ဒီဇယ်မှာ ၃,၉ဝဝ ကျပ်၊
အောက်တိန်းဆီမှာ ၃,၉၅ဝ ကျပ်နှင့် အဆင့်မြင့် ဒီဇယ်ဆီ ၄ဝဝဝ ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိသည်။

စက်သုံးဆီများကို နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပင်လယ်ရေကြောင်းတို့မှ တင်သွင်းခွင့် ပြုထားရာ စက်တင်ဘာ လအတွင်း ပင်လယ်ရေကြောင်းမှ စက်သုံးဆီ ၁ဝ၈,၇၂၁.ဝ၂ တန် တင်သွင်းခဲ့သည်။ အလားတူ နယ်စပ် ကုန်သွယ်ရေးမှလည်း စက်တင်ဘာလအတွင်း ဓာတ်ဆီ ၁၉၃,၉၅၆ ဂါလံနှင့် ဒီဇယ် ၆၅၂,၁၉၅ ဂါလံ တင်သွင်းခဲ့
ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦး၏ ပြောပြချက်အရ သိရှိရသည်။

No comments:

Post a Comment