Friday, October 12, 2012

ကချင်ပြည်နယ် စစ်ဘေးသင့်သူများအတွက် တရုတ်နယ်စပ်တွင် အလှူငွေကောက်ခံ

ကချင်ပြည်နယ် စစ်ဘေးသင့်သူများကို ကူညီပေးရန် သျှမ်းစာပေနှင့် ယဉ်ကျေးမူအဖွဲ့မှတာဝန်ယူ၍ု သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူစယ်နှင့် နမ့်ခမ်းမြို့များတွင် ယနေ့မှ စတင်၍ အလှူငွေ ကောက်ခံ သွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိ ရသည်။
အလှူငွေများကို မြစ်ကြီးနားမြို့ပေါ်ရှိ ဝန်းသိုဘုန်းတော်ကြီးကျောင်းနှင့်  မြစ်ကြီး နား တဘက်ကမ်း ဝိုင်းမော်မြို့ ပေါ်မှ သာကေရ သရက်တော ဘုန်းတော်ကြီးကျောင်းတို့တွင် ခိုလှုံနေသော ဒုက္ခသည်များအတွက် အသုံးပြုမည်ဟု နမ့်ခမ်းမြို့ရှိ သျှမ်းစာပေနှင့်ယဉ်ကျေးမူမှ အလုပ်မူဆောင်
တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နမ့်ခမ်းမှာတော့ ဒီနေ့ တောင်ကြီးအကပြိုင်ပွဲပထမဆုရ ဂုဏ်ပြုပွဲ ကျင်းပပြီးတာနဲ့ တက်ရောက်လာတဲ့ ရပ်ကွက် ကိုယ်စားများကို သူတို့ရပ်ကွက်ထဲမှာ အလှူငွေတောင်းပေးဖို့ အကူအညီတောင်းထား ပါတယ်။ မူစယ်မှာတော့ ဘယ်တော့ကောက်မလဲ မသိသေးဘူး။” ဟု ၄င်းက ပြောသည်။

ကောက်ခံရရှိမည့်ငွေများကို ၂၀၁၁ ခု ဒီဇင်ဘာလ၌ ဖွဲ့စည်းခဲ့သော ‘ကချင်ပြည်နယ်စစ်ဘေးသင့်သျှမ်း ဒုက္ခသည် ကူညီရေးအဖွဲ့ (ယာယီ)’ မှ တဆင့် အသုံးပြုသွားမည်ဟု ဆိုသည်။

အဆိုပါ မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ နေရာနှစ်ခုရှိ ကချင်နှင့် တိုင်းလိုင် ခေါ် သျှမ်းနီ တိုင်းရင်းသားများ ပါဝင်သော စစ်ဘေးသင့်သူ ၆၀၀ ဦးကျော်ရှိပြီး သျှမ်းနီအများစုဖြစ်ကြောင်း သိရသည်။ ၄င်းတို့သည် မြစ်ကြီးနား-ဗန်းမော် ကြား ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တာလောကြီးဒေသခံများ ဖြစ်ကြသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFO က ဆန်၊ ဆား၊ ဆီ၊ ပဲ စသည်တို့ ထောက်ပံ့ပေး သော်လည်း ကျန်းမာရေးနှင့် ပညာရေးအတွက် မပါသဖြင့် အလှူငွေ တောင်းခံရခြင်းဖြစ်သည်ဟု ‘ကချင်ပြည်နယ် စစ်ဘေးသင့်သျှမ်း ဒုက္ခသည် ကူညီရေးအဖွဲ့ (ယာယီ)’ မှ တာဝန်ခံ ဦးစောနွဲ့နှင်းနှင်းက ပြောသည်။

“ဒုက္ခသည်စခန်းမှာတော့ ဆေးပေးခန်း သေးသေးလေးတော့ ရှိတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က ဒုက္ခသည် စခန်းထဲက ကလေးတယောက်ဟာ ဦးနှောက်အမြှေးပါးယောင်ပြီး ရန်ကုန် ဆေးရုံ ပို့ပြီး ကုရတယ်။ ခုတော့မြစ်ကြီးနားဆေးရုံမှာ ဆက်ကုနေရသေးတယ်။ သက်ကြီးရွယ်အို တစ်ချို့လည်း လေဖြတ်ခံရတယ်။ အဲလိုမျိုးရောဂါမျိုး ဖြစ်လာရင်တော့ မြစ်ကြီးနားဆေးရုံကိုပဲ ပို့ပြီးကုရတော့ ဆေးစရိတ်တော့ အများကြီးလို တာပေါ့။” ဟု သူက ပြောသည်။

ယင်းစစ်ဘေးသင့်သူ ကလေးများသည် မြို့ပေါ်ရှိ နီးစပ်ရာ အစိုးရ စာသင်ကျောင်းများတွင် ပညာသင်နေရပြီး စုစုပေါင်း ကျောင်းသား ၆၀ ဦးကျော် ရှိနေကြောင်း ဆိုသည်။ ကျောင်းဝတ်စုံနှင့် သင်ယူမှု အထောက် အကူ ပစ္စည်းများ လိုအပ်နေခြင်းဖြစ်သည်။

အလားတူ ၂၀၁၂ ခု ဖေဖော်ဝါရီလကလည်း ‘ကချင်ပြည်နယ် စစ်ဘေးသင့် သျှမ်းဒုက္ခသည်ကူညီရေးအဖွဲ့ (ယာယီ)’မှ တာဝန်ခံ ဦးစောနွဲ့နှင်းနှင်း ကိုယ်တိုင် ဦးဆောင်၍ မန္တလေးမြို့တွင် မြို့ခံလူမူရေးအဖွဲ့များ၏ အကူ အညီဖြင့် ၅၂ သိန်း ကောက်ခံရရှိခဲ့သည်ဟုဆိုသည်။

ယင်းငွေထဲမှ ဗန်းမော်မြို့ရှိ စစ်ဘေးသင့်သူများအတွက် ၇ သိန်း ၅ သောင်း ခွဲပေးခဲ့ပြီး ကျန်ငွေများကို မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ဘေးသင့် သူများအတွက် အသုံးပြုခဲ့သည်။

‘ကချင်ပြည်နယ် စစ်ဘေးသင့်သျှမ်းဒုက္ခသည်ကူညီရေးအဖွဲ့ (ယာယီ)’ ရုံးများကို မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ အဆိုပါ စစ်ဘေးသင့်သူများ ခိုလှုံနေသော ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည်။

၂၀၁၁ ခု ဇွန်လမှစ၍ KIA နှင့် အစိုးရတပ်များအကြား အပစ်ရပ်ပျက်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာရာ ကချင်ပြည် နယ်အနှံ့ စစ်ဘေးသင့်သူ တသိန်းခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။

From- သျှမ်းသံတော်ဆင့်

No comments:

Post a Comment