Monday, October 15, 2012

မိတ္ထီလာမြို့တွင် ပုဂ္ဂလိကဘဏ်များ အပြိုင်အဆိုင်ဖွင့်ရန် စီစဉ်နေ

မိတ္ထီလာမြို့သည် ခရိုင်မြို့ကြီး ဖြစ်သည်။ မိတ္ထီလာ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မြင်းခြံသွား ကားလမ်း ငါးလမ်းဆုံမြို့ ဖြစ်သည်။ ထို့ကြောင့် အရောင်းအဝယ် ဖွံ့ဖြိုးတိုးတက်ပြီး လူနေထူထပ်သော မြို့ကြီးဖြစ်သည်။ ထို့အပြင် တပ်ရင်းတပ်ဖွဲ့များ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်း များလည်းရှိ၍ အထူးစည်ကားသော မြို့ဖြစ်သည်။ ထိုကဲ့သို့ စည်ကားတိုးတက်ပြီး စီးပွားရေး ဈေးကွက်ကျ၍
မိတ္ထီလာမြို့တွင် ပုဂ္ဂလိကဘဏ်များ၊ ကားအသင်းများ၊ ဆေးဆိုင်များ၊ စတိုးဆိုင်များ၊ အလှပြင်ဆိုင်များ အပြိုင်အဆိုင် လာရောက်ဖွင့်လှစ် ရောင်းချကြရာ အထူးစည်ကားလျက်ရှိသည်။ မိတ္ထီလာမြို့တွင် ကုန်သည်ပွဲစား၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်အများအပြား ရှိသဖြင့် ပုဂ္ဂလိကဘဏ်များ အပြိုင်အဆိုင် လာရောက် ဖွင့်လှစ်နေကြသည်။ ယခင်က မိတ္ထီလာတွင် မြန်မာ့စီးပွားရေးဘဏ် တစ်ခုတည်းရှိရာမှ ၂၀၀၈ ခုနှစ်မှစ၍ ပုဂ္ဂလိကဘဏ်များဖြစ်သော ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ်လာခဲ့ကြသည်။ ထို့နောက် CB ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဘဏ်များလည်း ဖွင့်လှစ်လာခဲ့ကြသည်။ ဤကဲ့သို့ မိတ္ထီလာမြို့တွင် စီးပွားရေး အချက်အချာကျပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ပုဂ္ဂလိကဘဏ်များဖြစ်သော အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်ကလည်း အသစ်ဖွင့်လှစ်ရန် မိတ္ထီလာမြို့ သီရိမင်္ဂလာရပ် ရန်ကုန်-မန္တလေး ကားလမ်းတွင် အဆောက်အအုံအသစ်ဖြင့် ဘဏ်ဖွင့်လှစ်ရန် စီစဉ်နေသည်။ ထိုနည်းလည်းကောင်း မြန်မာ့ရှေ့ဆောင် ဘဏ်ကလည်း မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးလမ်း လင်းဇင်းရပ်တွင် ဘဏ်ဖွင့်လှစ်ရန် အဆောက်အအုံကြီး ဆောက်လုပ်နေသည်။ ထိုနည်းတူ အမရာဘဏ်ကလည်း မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး ကားလမ်းဘေး ပန်းထိမ်တန်းရပ်တွင် ဘဏ်သစ်ဖွင့်လှစ်ရန် အဆောက်အအုံတစ်ခု ဆောက်လုပ်နေသည်။ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၊ အမရာဘဏ်နှင့် မြန်မာရှေ့ဆောင်ဘဏ် ပုဂ္ဂလိကဘဏ်ကြီး သုံးခုသည် ၂၀၁၃ နှစ်ဦးပိုင်းတွင် ဖွင့်လှစ်ရန် အတွက် အဆောက်အအုံများ အပြိုင်အဆိုင် ဆောက်လုပ်နေကြသည်။ မိတ္ထီလာမြို့တွင် ယခုလက်ရှိ ပုဂ္ဂလိက ဘဏ်များဖြစ်သော ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် CB ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်တို့မှာလည်း ငွေလွှဲသူ၊ ငွေပို့သူများဖြင့် အထူးစည်းကားနေသည်။ ယခုလက်ရှိ ပုဂ္ဂလိက ဘဏ်များတွင် မိတ္ထီလာမြို့မှ လုပ်ငန်းရှင်များ သာမက ဝမ်းတွင်း၊ မလှိုင်၊ သာစည်၊ ပျော်ဘွယ်မြို့များမှ လုပ်ငန်းရှင်များကလည်း ငွေသွင်းငွေထုတ် လာရောက် လုပ်ကိုင်နေကြသည်ကို တွေ့ရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်  ဖော်ပြထားပါသည်။ 

မူရင်းသတင်း - ခေတ်လူငယ်

No comments:

Post a Comment