Tuesday, October 16, 2012

စက်သုံးဆီဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအား ၄ ဒသမ ၅၄၆ လီတာအဖြစ် စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရောင်းချရမည်

စက်သုံးဆီ အရောင်းဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆ လီတာအဖြစ် စံနှုန်းသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီး ဌာနမှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ စက်သုံးဆီဆိုင်ရှိ လီတာပန့်များ၏ Display Unit တွင် ၄ ဒသမ ၅ လီတာဟု ဖော်ပြသည့် အချိန်တွင်အမှန်ဆီထွက်နှုန်းအား ကို ၄ ဒသမ
၅၄၆ လီတာ ပမာဏဖြစ်စေရန် ပန့်၏ဂါလန်မီတာကို ချိန်ညှိပြီး တိကျစွာ စံတိုက်၍ တစ်ပြေးညီသတ်မှတ် ရောင်းချရမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် စွမ်းအင်ဝန်ကြီးဌာန အပါအ၀င် အစိုးရဌာနဆိုင်ရာ အားလုံးသည် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသော မတ်ထရစ်စနစ်သို့ ပြောင်းလဲမှု ဆက်စပ်ပုံ သတ်မှတ်ချက်များအတိုင်း အသုံးပြုလျက်ရှိပြီး စက်သုံးဆီ အခြင်အတွယ်စနစ် ပြောင်းလဲမှု ဆက်စပ်ပုံ သတ်မှတ်ချက်အရ တစ်ဂါလန်လျှင် ၄ ဒသမ ၅၄၆ လီတာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပြန် ကြေညာထားပါသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ လီတာပန့် အသုံးပြုပြီး တရားဝင်ဖွင့်လှစ် ရောင်းချနေသော စက်သုံးဆီ အရောင်းဆိုင်အားလုံး အဆိုပါ သတ်မှတ်ချက်ကို သိရှိလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီများထံ မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း သိရပါသည်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဆီအခြင်အတွယ် မပြည့်မှုအကြောင်း အများပြည်သူ အကြား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များကို ၀င်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရောင်းချနေသော ပုဂ္ဂလိက စက်သုံးဆီဆိုင် ၄၀၀ ၀န်းကျင်ရှိပြီး အသစ်ဖွင့်ခွင့်ပြုရန် စိစစ်နေသည့် အရောင်းဆိုင် ၅၀၀ ကျော် ရှိပါသည်။  ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်ကို ယခင်က အစိုးရကသာ ထိန်းချုပ်ထားပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့မှ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

မူရင်းသတင်း - ခေတ်လူငယ်

No comments:

Post a Comment