Monday, October 8, 2012

မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၇ ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်၊ ကျေးလက်နေပြည်သူများအား GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းမည့်အစီအစဉ်အား ဝေဖန်မှုများရှိနေ


၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကျေးလက်နေ ပြည်သူများအား ဂျီအက်စ်အမ် ၂.၇၅ မိုဘိုင်းဖုန်းများ နိုင်ငံ့ဝန်ထမ်းများအား ရောင်းချပေးသကဲ့သို့ အရစ်ကျငွေပေးချေသည့် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သို့ သော်မကြာမီကာလများအတွင်း နိုင်ငံ တကာနည်းတူ ဖုန်း Sim card  တန်ဖိုးများ လျှော့ချရတော့မည် ဖြစ်ရာ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခြင်း မရှိဘဲ ရောင်းချသည့်အပေါ် ဝေဖန်မှုများထွက်ပေါ် ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် လူ၁၀၀ဦးလျှင် ခုနစ်ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ကြောင်းလည်း စာရင်းဇယားများအရ သိရှိရပါသည်။
“ကျေးလက်နေပြည်သူတွေကတော့ ဒီလိုအရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့အတွက် ပျော်နေမှာပဲ။ ဒါပေမယ့်လည်း သူတို့တွေက မိုဘိုင်းဖုန်းတစ်လုံးကို အဲလောက်တန်ဖိုးမပေးရဘူး ဆိုတာကိုတော့ သူတို့သိချင်မှ သိမယ်။ သူတို့ကတော့ အားပေးကြမှာပါ။သူတို့အတွက် ဆက်သွယ်ရေး အဆင်ပြေသွားတာတော့ အမှန်ပါပဲ။ ၀မ်းနည်းစရာကောင်းတာက သူတို့တွေ ဖုန်းတစ်လုံးကို ဈေးကြီးပေး ၀ယ်လိုက်ရတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ညာချခံလိုက်ရတာပေါ့ဗျာ။ နယ်ကလူ တွေကတော့ ဆက်သွယ်ရေးက ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်နေကြမှာပါ။ နောက်ဆုံး မိုဘိုင်းဖုန်းတွေကို လတ်တလောမှာ ဈေးမလျှော့ပေးနိုင်ရင် တောင်မှပဲ ခေါ်ဆိုခတွေကို လျှော့ပေးစေချင်တယ်။ လူအိပ်တဲ့အချိန်တွေ တော့မဟုတ်ဘူးပေါ့ဗျာ။” ဟု ကိုထက်လင်းစိုး(Mr. Htet Computer Virus Lab)က ပြောကြားခဲ့ပါသည်။

မကြာခင် ‘သုည’ တန်ဖိုးဖြစ်ရတော့မယ့် Sim card ကို ဆင်းရဲပြီးရင်း ဆင်းရဲ၊ မွဲပြီးရင်း မွဲနေတဲ့ ကျေးလက်နေလူထုကို ညာရောင်းသလိုမျိုးဖြစ်နေတာကိုရော မြန်မာ့ ဆက်သွယ်ရေးက စဉ်းစားမိရဲ့လား မသိဘူး။ ဒါဟာမလုပ်သင့်ဘူးလို့ မြင်ပါတယ်  . . .
မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆသည် ၂၀၁၁ ခုနှစ် မတ်လကုန်တွင် ၃.၈ သာရှိခဲ့ရာမှ လက်ရှိ အချိန်တွင် မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆမှာ ၇.၅ အထိရှိလာပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများအား မီရန်ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း သိရသည်။
GSM/ UMTS မိုဘိုင်းတယ်လီဖုန်းများအား လွှမ်းခြုံဧရိယာအတွင်း ရှိ ကျေးလက်ဒေသများမှ ပြည်သူများ အတွက် အရစ်ကျရောင်းချပေးရာတွင် သတ်မှတ်ချက်များအတိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
8013
ရန်ကုန်မြို့တွင်း လိုင်းကားစီးရင်း ဖုန်းပြောနေသည့် ခရီးသွားတစ်ဦး
အဆိုပါ သတ်မှတ်ချက်များမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အာမခံသော ပုဂ္ဂိုလ်များဖြစ်ရန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ်ကွပ်ကဲရန်၊ သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီးပြည်နယ် မန်နေဂျာများမှ ကြီးကြပ်ရောင်းချရန်၊ GSM(2.75G) မိုဘိုင်းတယ်လီဖုန်းများ အား နိုင်ငံဝန်ထမ်းများ ရောင်းချပေး နေသည့်အတိုင်း ပထမအရစ် ၄၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး လစဉ် ၁၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်သည်။ တယ်လီဖုန်းများ ရောင်းချရငွေမှ ၂ ရာခိုင် နှုန်းကို ကြီးကြပ်မှုစရိတ်အဖြစ် ကျေးရွာနှင့်မြို့နယ်များသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ထည့်ဝင်သွားမည် စသည့်အချက်များပါဝင်ကြောင်း သိရသည်။
“သူတို့ရဲ့ ပထမနှစ် စီမံကိန်းက ဖုန်းအလုံးရေ လေးသန်းမှာတစ်သန်း ကျော်လောက်ပဲ ရောင်းရသေးတယ်လို့တော့ ကြားရပါတယ်။ ဒီအတွက်ပစ္စည်းတွေ အကုန်လုံးလည်း တပ်ထားပြီး သွားပြီလို့တော့လည်း ကြားတယ်။ ဒီကုန်ကျစရိတ်တွေကြောင့် သူတို့ဘက်က ဈေးလျှော့ရောင်းပေးလို့ မရ သေးဘူးလို့ ပြောပါတယ်။ သူတို့တွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို သူတို့ တွက်ပြထားတာတွေတော့ ရှိတယ်။ အခုကျွန်တော့ အမြင်ကတော့ အခုသူတို့ အရစ်ကျစနစ်နဲ့ ရောင်း ကြည့်လို့ဝယ်လိုအားရှိနေသေးတယ် နောက်ပြီး ၀ယ်လိုအားမရှိတော့ဘူး ဆိုရင်တော့ သူတို့တဖြည်းဖြည်းနဲ့ လျှော့ပေးမှာပါ။”ဟုလည်း ဦးဇော်မင်းဦး (မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်း - အတွင်းရေးမှုး) ကလည်း ရှင်းပြခဲ့သည်။
ထို့ပြင်အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည့်သူများအနေဖြင့် သဘောတူ စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး အဆိုပါ စာချုပ်တွင် မိမိဆန္ဒအရ ၀ယ်ယူခြင်း ဖြစ်ကြောင်း၊ ကျန်ရှိသည့်ငွေများကို လစဉ်ပေးသွင်းရမည်၊ မြန်မာ့ဆက် သွယ်ရေးမှကနဦး တပ်ဆင်ခနှုန်းထားများ လျှော့ချပါက ပြောင်းလဲလျှော့ချသည့် နှုန်းအသစ်အားခံစားခွင့်ရရှိမည်၊ နှုန်းထားအသစ်ထက် ကျော်လွန်သွင်း ၍ သွင်းထားပြီးဖြစ်ပါက ပိုမိုပေး သွင်းထားမိသည့် ငွေပမာဏအားပြန် လည်ထုတ်ပေးမည် မဟုတ်ကြောင်း၊ မိုဘိုင်းတယ်လီဖုန်းခ ငွေများအား ကျေး ရွာအုပ်ချုပ်ရေးမှူးမှစုစည်း၍ နီးစပ် ရာမြို့နယ် ဆက်သွယ်ရေးစခန်းများ သို့ ပေးသွင်းရမည်၊ အင်တာသုံးစွဲ လိုပါက သတ်မှတ်နှုန်းထားအတိုင်း သုံးစွဲခွင့်ရှိမည်၊ အရစ်ကျပေးသွင်းငွေ ကို လစဉ်ပေးသွင်းခြင်းမရှိခြင်း၊ သုံးစွဲနေစဉ် ပြည်ပနိုင်ငံများနှင့် တရားမ၀င် ခေါ်ဆိုမှုများရှိသည်ဟု သံသယဖြစ် ဖွယ်ရှိသည်ဟု စစ်ဆေးတွေ့ရှိပါက လိုင်းဖြတ်တောက်မည်၊ ပထမအရစ် ငွေပေးသွင်းပြီးချိန်တွင် စတင်သုံးစွဲ ခွင့်ရှိမည်၊ ငွေအကျေပေးသွင်းပြီးချိန် တွင် တယ်လီဖုန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ အထောက်အထား များအား လွှဲပေးမည်၊ တပ်ဆင်ခပေး သွင်းမှုမကျေခင် လွှဲပြောင်းရောင်းချ ခြင်း၊ ပေါင်နှံခြင်းများမပြုလုပ်ရ စသည့်အချက်များကိုထည့်သွင်းချုပ် ဆိုရမည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းတယ်လီဖုန်းများရောင်း ချရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ကနဦးတပ်ဆင်ခ ၄၀၀၀၀ ကျပ်ပေးသွင်းပြီးချိန်တွင် ၂ရာခိုင်နှုန်း ခွဲဝေပေးသွားမည်ဖြစ်သည့်အပြင် လစဉ်ကျပ် ၁၀၀၀၀ ပေးသွင်းချိန်တွင် လည်း ၂ ရာခိုင်နှုန်းခွဲဝေ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း ယင်းကဲ့သို့ ကျေးလက်နေပြည်သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချမည့်အပေါ် နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ပိုမိုလာခဲ့ပြီး မိုဘိုင်းဖုန်းကတ်များ၏ တန်းဖိုး ကိုလည်း အခြားဒေသတွင်းနိုင်ငံများ နည်းတူဖြစ်သင့်သည့် တန်းဖိုးတစ်ခု သို့ အမြန်ဆုံးလျှော့ချပေးရန်လည်း လိုလား လျက်ရှိကြောင်း သိရှိရသည်။  ကျေးလက်ဒေသတွင် မိုဘိုင်းဖုန်းများ အား အရစ်ကျစနစ်ဖြင့် ရောင်းချမည့် အစီအစဉ်အပေါ် ဒေါက်တာကျော်သန်းမိုး (လက်ထောက် ကထိက-ရန်ကုန် တက္ကသိုလ်)ကလည်း” ဒီဖုန်းကတ် တွေက သူများနိုင်ငံမှာဈေး ပေါပေါ နဲ့အလကားပေးနေတာတွေ။အခုက ရောင်း မကုန်တဲ့ အခြေအနေဆိုတော့ ထိုးရောင်းတဲ့သဘောလို့ထင်ပါတယ်။ ဈေးချရ တော့မယ့် အခြေအနေမျိုးမှာ ဈေးမလျှော့တာက သူတို့အမြတ် မရမှာစိုးလို့ ရောင်းပေးတယ်လို့ ထင် တာပဲ။ အမှန်တကယ်ဒီဖုန်းကတ်တွေ အလကားပေးလိုက်လို့လဲ ဘာမှမဖြစ် ပါဘူး။ ဖုန်းဆက်ခနဲ့တင် အများကြီး ပြန်ရနေပြီး ဈေးအသက်သာဆုံးလေး ငါးသောင်းလောက်နဲ့ ရောင်းပေးရင်တောင် ၀မ်းသာစရာ ဖြစ်ရမယ့်ဟာ လေ။ ဖုန်းမရှိတာ ထက်စာရင်ဒီလို ရောင်းပေးတာ ကောင်းတယ်လို့ အကောင်းဘက်ကတွေးလို့ရသလို မကောင်းတဲ့ ဘက်ကတွေးကြည့်ရင်တော့ ဒါလူလည်ကျတာပဲ။သူတို့ ရောင်းမကုန်တော့လို့ ထိုးရောင်းတယ် လို့ထင်တာပဲ။” ဟု ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် လူနေဧရိယာ၏ ၈၅ ရာခိုင်နှုန်းအား မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေးဖြင့် လွှမ်း ခြုံထားနိုင်ပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် GSM/ UMTS  တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ ဆက်သွယ်ရေး ၀န်ဆောင်မှုပေးသည့် မိုဘိုင်းတယ်လီဖုန်း ရေဒီယိုစခန်း ၇၀၀ ခန့်ရှိပြီး မို ဘိုင်းတယ်လီဖုန်းရေဒီယိုစခန်းမှ မြေ ပြန့်ဒေသတွင် ၇ မိုင်မှ ၈ မိုင်ခန့် အကွာအဝေးအထိသုံးစွဲနိုင်ပြီး၊ တောင် ပေါ်ဒေသဖြစ်ပါကသုံးစွဲနိုင်မှုမှာ ယင်း အကွာအဝေးထက် လျော့နည်းနိုင်ကြောင်း သိရသည်။
“မကြာခင် ‘သုည’ တန်ဖိုးဖြစ်ရတော့မယ့် Sim card ကို ဆင်းရဲပြီးရင်း ဆင်းရဲ၊ မွဲပြီးရင်းမွဲနေတဲ့ ကျေးလက်နေလူထုကို ညာရောင်းသလို မျိုးဖြစ်နေတာကိုရော မြန်မာ့ဆက်သွယ်ရေးက စဉ်းစားမိရဲ့လား မသိဘူး။ ဒါဟာမလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဒီအစီအစဉ် ကို ကန့်ကွက်ပါတယ်။ မ၀ယ်ကျပါနဲ့ အားလုံးသပိတ်မှောက်ကြပါ”ဟု IT ပညာရှင်တစ်ဦးက ပြောပါသည်။

No comments:

Post a Comment