Monday, October 15, 2012

KIA နှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် အစိုးရကမ်းလှမ်း

တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် အဆိုပြုချက်တစ်ရပ် အောက်တိုဘာလ ၁၀ ရက်နေ့က ပေးပို့ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ပြန် လည်ဖြေကြား သည်။ 
အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကျင်းပသော
SSA/SSPP နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ KIA နှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ကမ်းလှမ်းထားသည် ဆိုသော သတင်းနှင့် ပတ်သက်၍ ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ “ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့ KIA ကို အဆိုပြုချက် ပေးပို့ထားပါတယ်။ ဆွေးနွေးမယ့် နေရာနဲ့ အချိန်တော့ ညှိနှိုင်းနေတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်မင်းက ပြောကြားသည်။ အစိုးရဘက်မှ ပေးပို့ထားသော ကမ်းလှမ်းချက်ကို ရရှိထားကြောင်း၊ အကြောင်းပြန်ကြားရန် အတွက်ကိုမူ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ရှင်းပြသည်။ “အရင်တစ်ခါ ကေအိုင်အေဘက်က ရွှေလီမှာတွေ့မယ်။ ဒုချုပ်မှ မဟုတ်ဘူး။ တိုက်ပွဲကို ရပ်နိုင်အောင် အမိန့်ပေးနိုင်သူ ဆိုရမယ်။ ဆွေးနွေးမယ်ဆိုပြီး အကြောင်းပြန်ထားတာ ရှိတယ်။ အခုပေးပို့တဲ့ဟာကိုတော့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ကေအိုင်အေအနေဖြင့် ရွှေလီတွင် ဆွေးနွေး၍ မူဝါဒတစ်ခု ချမှတ်ပြီးပါက မြစ်ကြီးနား သို့မဟုတ် နေပြည်တော်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က စက်တင်ဘာလကုန်ပိုင်း၌ တွေ့ဆုံစဉ် ပြောကြားသည်။ အစိုးရတပ်မတော်နှင့် KIA တို့သည် တိုက်ပွဲစတင်ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နှင့် ၉ ရက်မှ စတင်ကာ ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်အထိ တိုက်ပွဲပေါင်း ၂၀၀၀ ဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း အေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

No comments:

Post a Comment