Wednesday, October 31, 2012

နိုဝင်ဘာလမှာ အစိုးရနှင့် KIO နိုင်ငံရေးဆွေးနွေးရန် သဘောတူ


ချင်းမိုင်(မဇ္စျိမ) ။    ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ လာမည့် နိုဝင်ဘာလမှ နိုင်ငံရေး စတင်ဆွေးနွေးရန် သဘောတူခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ၊ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် KIO ဘက်မှ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် အောက်တိုဘာ ၃၀ရက်နေ့လည် သုံးနာရီတွင် တွေ့ဆုံဆွေးနွေး၍ သဘောတူခဲ့ကြခြင်း
ဖြစ်သည်။

“ပထမအကြိမ် တွေ့ဆုံတာ ဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့ နိုင်ငံရေးနည်းလမ်းအရ နိုင်ငံရေးကို ဆက်လက်
ဆွေးနွေးမယ်ဆိုတာကို သဘောတူညီချက်ရတယ်၊ နောက်တစ်ချက်က ပြည်တွင်းတစ်နေရာမှာ တွေ့ဆုံ ဆွေးနွေး
ဖို့အတွက် သဘောတူထားတယ်။ KIO ကလည်း ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖြစ်အောင်လုပ်သွားပါ့မယ်ဆို
တဲ့အကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ပြောကြတဲ့သဘောပါ”ဟု ဦးဂွမ်ဂျာက ပြောသည်။

နောက်တစ်ကြိမ် နိုင်ငံရေး ဆွေးနွေးမည် နေရာကို ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော် သို့မဟုတ် ရှမ်းပြည်နယ် မူဆယ်မြို့တို့တွင် တွေ့ဆုံရန် သဘောတူခဲ့သည်ဟု သိရသည်။

KIO ဘက်မှ ဆရာကြီး ဆွမ်းလွတ်ဂမ်၊ ဒု-ဗိုလ်မှူးကြီး လဖိုင်လ၊ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်၊ ဗိုလ်မှူးကြီး လဖိုင်ဇော်ရော်၊ ဒု-ဗိုလ်မှူးကြီး ဇော်တောင်၊ ပညာရေး ဌာနမှ ဦးမရိပ် နော်ထွဲတို့ အပါအဝင် ကိုး ဦးနှင့် အစိုးရ
ဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် တို့ အပါအဝင် ၁၁ ဦး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အစိုးရ ကိုယ်စားလှယ်များထဲတွင် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်ရန် မူဆယ်မြို့ထိ ရောက်ရှိလာသော်လည်း KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်ခဲ့ခြင်း မရှိသဖြင့် ၄င်းလည်း တက်ရောက်ခြင်း မရှိခဲ့ကြောင်း ဦးဂွမ်ဂျာက ပြောသည်။

KIO ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်
ခြင်း မရှိခဲ့ကြောင်း KIO အရာရှိ တစ်ဦးက ပြောသည်။

“ဒါက ဗဟိုရဲ့ ဆုံးဖြတ်ချက်ဘဲ၊ သူတယောက်ထဲ ဆုံးဖြတ်လို့မှ မရတာ။ ဗဟိုက သွားသင့်တဲ့လူတွေ သွားနေပြီ
လေ”ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်တွင်းမှ သတင်းထောက် ၂၀ ကျော် တက်ရောက်သတင်းယူခဲ့ပြီး
နိုင်ငံရေးအရ ဆက်လက် တွေ့ဆုံဆွေးရန် သဘောတူခဲ့သဖြင့် ကောင်းမွန်သည့် ဆွေးနွေးမှု ဖြစ်သည်ဟု ဦးဂွမ်ဂျာက သုံးသပ်သည်။

“အခြေအနေ ကောင်းပါတယ်။ ပထမအကြိမ် ဆွေးနွေးပွဲဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးဖို့ သဘောတူတာ ဖြစ်တဲ့အတွက် အခြေအနေကောင်းတယ်လို့ ပြောချင်တယ်၊ ခုလို ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေး
အမြန်ဆုံး ရပါစေလို့ ပြောချင်တယ်”ဟု ဦးဂွမ်ဂျာက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က လွယ်ဂျယ်မြို့နယ် ပရန်ငေါန်ဒေသတွင် အလွှတ်သဘော သုံးကြိမ်တိုင်
တွေ့ဆုံခဲ့ရမှ လေးလခန့်အကြာမှာ ပြန်လည် တွေ့ဆုံဆွေးနွေးနေကြခြင်း ဖြစ်သည်။

No comments:

Post a Comment