Friday, October 19, 2012

လာမဲ့နှစ် ကယ်လီဖိုးနီးယားမှာ ကျင်းပမဲ့ ကမ္ဘာ့ဂျူဂျစ်ဆု ပြိုင်ပွဲဝင်ဖို့ MMA ( Mixed Martial Art ) မှာ အဆင့် ၁၇၈ ရှိသူ အောင်လနှင့်စကားစမြည်မေးမြန်းချက်



လာမယ့် နိုဝင်ဘာလ ၁၈ရက်နေ့ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် အတ္တလန်တစ် စီးတီး (Altantic City, New Jersey) မှာ ကျင်းပမဲ့
အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစားလက်ဝှေ့ပွဲစဉ် အမှတ် R.O.C ( Ring of Combat – 38 ) အတွက် MMA ( Mixed Martial Art ) မက်ဒယ်လ် ဝိတ်တန်းရှင် အင်ဆန် အောင်လ ကို
ယခင်အပါတ် အောက်တိုဘာလ ၁၅ရက် စနေနေ့ ညနေတွေ့ဆုံ ဖုန်းနဲ့မေးမြန်း စကားစမြည် ပြောဆို ဖြစ်တယ်။
မီချီဂန်ပြည်နယ် က အမေရိကန် ပြည်သူတွေ ပညတ်ပေးလို့ ရခဲ့တဲ့ ( Burmese Python - ဘားမိစစ် ပိုင်သွန် ) - မြန်မာ့ စပါးကြီးမြွေ ဆိုတဲ့ နာမည်နဲ့ အခုနှစ် ၂၀၁၁ အတွင်းမှာ ၃ပွဲထိုးသတ်ရာ ၂ပွဲ အနိုင်ရပြီး၊ လွန်ခဲ့တဲ့ စက်တင်ဘာလ ကပဲ ချေဆီမရစ် ( Casey Manrique ) ဆိုသူကို လက်သီးထိုးချက်တွေ ချုပ်သတ် ကွက်တွေနဲ့ ၂ချီမှာ ဒိုင်ပွဲရပ်ကာ အနိုင်ရလာတဲ့ အောင်လ ဟာ နောက်လဆို ပြိုင်ဖက် ဒရူးပူဇွန် (Drew Puzon) ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့ ဆရာအတတ်သင် လေ့ကျင့်ရေး မူလတန်းကျောင်းထွက် အောင်လ ဟာ သားချင်း ၅ယောက် ထဲက ၄ယောက်မြောက် ဖြစ်ပြီး အမေရိကားမှာ အထက်တန်း တက်နေစဉ် နဘမ်းသတ်သည့် အားကစား လေ့ကျင့်ရာမှ ကိုယ်ခံပညာကို မြေစမ်းခရမ်းပျိုး ဖြစ်ပါတယ်။ တက္ကသိုလ် တက်နေစဉ် ကာလ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း ကလပ်ပွဲတွေမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြောင်း၊ ယခု အမေရိကန် ကြေးစားလက်ဝှေ့ လောကထဲ ဝင်ရောက် လာပြီး၊ ဘော်လ်တီးမိုးလ်မြို့၏ အယ်လ်ကရစ် အရပ်မှာ နေထိုင်ကာ ယခု ဘွဲ့ရချိန်မှာ သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ Crazy 88 Brazilian Jiu-Jitsu ဂျူဂျစ်ဆု ကလပ်မှာ နည်းပြလုပ်ရင်း နိုင်ငံတကာ ပွဲတွေကို ထိုးသတ်ဖို့ ပြင်ဆင်နေတာပါ။ လာမဲ့နှစ် ကယ်လီဖိုးနီးယားမှာ ကျင်းပမဲ့ ကမ္ဘာ့ဂျူဂျစ်ဆု ပြိုင်ပွဲဝင်ဖို့လဲ အဓိကထား ဦးတည်လေ့ကျင့် နေတယ်လို့ MMA ( Mixed Martial Art ) မှာ အဆင့် ၁၇၈ ရှိသူ အောင်လ က ဆိုပါတယ်။

သူနဲ့ နောက်လ စိန်ခေါ်ထိုးသတ်မဲ့ Team Renzo Gracie ကလပ်က ဒရူးပူဇွန် ဟာ ဂျူဂျစ်ဆု ကမ္ဘာ့အဆင့် ပွဲတွေမှာ ဆုရထားသူလို့ သိရပြီး M.M.A အဆင့်မှာတော့ ဆုရရှိဖူးခြင်း မရှိသေးပါဘူး။ ပူဇွန် က လှဲသတ်တာ ကျွမ်းကျင်တယ်လို့ သိရတော့ ကျနော် သူ့ကိုခွာသတ်ဖို့ စဉ်းစားထားပြီး လက်သီး အဓိကထား ထိုးမှာပါလို့ သူ့ဗျူဟာကို ပြောပြပါတယ်။ နောက်လ ပွဲအတွက်ကိုတော့ နဘမ်း ခံစစ် နဲ့ လက်ဝှေ့ ထိုးသတ်နည်းကို ဂရုစိုက် လေ့ကျင့်နေပြီး၊ နေ့စဉ်တရက်ကို ၅နာရီ နှုန်းထားနဲ့ လေ့ကျင့် နေပါတယ်လို့ ပြောပြပါတယ်။ ကျနော် ကစားနေတဲ့ MMA ( Mixed Martial Art ) မှာ တကမ္ဘာလုံးက အားပါတဲ့ ကိုယ်ခံပညာ တိုက်ကွက်တွေ စုစည်းထားတော့ ပြိုင်ဖက်နဲ့ သတ်မဲ့ ဗျူဟာကို ထရိန်နာနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နည်းဗျူဟာ ဆွဲရပါတယ်။ ဝိတ်ကိုတော့ ပေါင် ၃၆၀ကျော်ကို လက်တန်း မ,နိုင်ပါတယ်လို့ စသဖြင့် စကားစမြည် ပြောဆိုဖြစ်ကြတယ်။


လူတွေ ထောင်နဲ့ချီ လာကြည့်နေတဲ့ သံဇကာကွက်တွေ ကာခါ ပိတ်လှောင်ထိုးသတ်တဲ့ သတ်ကွင်းထဲ ရောက်တဲ့အချိန် စိတ်ခံစားမှု အခြေအနေ မေးကြည့်တော့ … အတွေ့အကြုံမရှိခင် ဒီလောကထဲ ရောက်ခါစမှာ စိတ်အရမ်းလှုပ်ရှားပြီး ထိုးသတ်ခါနီးလေ လှုပ်ရှားလေနဲ့ ငါ ဒီမှာ ဘာလာလုပ်နေလဲ အထိကို တွေးမိဖူးပါတယ်။ အခုချိန်မှာတော့ အထိုက်အလျောက် သက်တမ်း ရလာတော့၊ သတ်ကွင်း တံခါးဝ ပိတ်တာနဲ့ ငါဘယ်လောက် ကျိုးစားထားလဲ ပြဖို့အတွက် ဒီအလုပ်ကို အောင်မြင်အောင် လုပ်ကို လုပ်ရမယ်၊ အောင်မြင်မှ ဒီသတ်ကွင်းထဲက ပြန်ထွက်မယ် ဆိုပြီး စိတ်ဆုံးဖြတ်ကာ ထိုးသတ်ပါတယ်လို့ အင်ဆန်အောင်လ က အတွေ့အကြုံကို ပြန်ပြောင်း ပြောပြပါတယ်။ သူဟာ ဒီခက်ခဲ ကြမ်းတမ်းတဲ့ အားကစားနည်းကို ဝါသနာအလျောက် ထိုးသတ်နေတာ ဖြစ်ပြီး ပေါ်ပြူလာ အဖြစ် ထင်ရှားအောင် နာမည်ကြီးအောင် လုပ်နေတာ မဟုတ်ဖူးလို့ ဆိုပါတယ်။ နောင်မှာ လူမှုရေး၊ ဘာသာရေး လုပ်ငန်းတွေ လုပ်ကိုင်လာနိုင်ပြီး အခုချိန်မှာတော့ မစ်မာရှယ်အတ် နဲ့ ဂျူဂျစ်ဆု ကစားနည်းထဲမှာဘဲ အချိန်တွေ နှစ်မြှပ်ထားဆဲလို့ ပြောပြပါတယ်။ ပိုတဲ့အချိန် အနည်းငယ်ကိုတော့ သူ့ မိန်းကလေး မိတ်ဆွေကို ပေးလိုက်တယ်လို့ အရယ်စွက်ပြီး သတ္တုလှိုင်သံနဲ့ ကချင် လူထွားကြီးက ဖြေပါတယ်။


ဒီ အားကစားနည်းဟာ လူတယောက်ကို စက္ကန့်ပိုင်းအတွင်းမှာ နောက်ကောက်ကျ၊ မေ့မျောသွားအောင် ထိုးသတ်နိုင်ပေးမဲ့ သူ့နောက်ကွယ်မှာ လေကျင့်ရတဲ့ သူကတော့ ခန္ဓာကိုယ်၊ စိတ်၊ နှလုံး၊ ၃ပါးစလုံး မြှုပ်နှံထားရပြီး အစားအသောက်၊ အနေအထိုင်၊ ခန္ဓာကိုယ် အားအင်ပြည့်ဝပြီး၊ လေကျင့်ရည် ဝအောင် ဆင်ခြင် နေထိုင်ရပါတယ်၊ စည်းမဲ့ကမ်းမဲ့ ပြုမူနေထိုင်လို့ မရပါဘူး။ သတ်ကွင်း နောက်ကွယ်က စိမ်ခေါ်ဖက်ကို ယှဉ်ပြိုင်ဖို့ ပြင်ဆင်ပုံမေးတဲ့ အခါ ~ M.M.A ( Mixed Martial Art ) တို့ Ultimate Fighting Championship ® (UFC ) တို့သတ်ပွဲတွေဟာ ကိုယ်ခန္ဓာ အလေးချိန်အလိုက် တန်းတွေနဲ့ ကစားတော့ ကိုယ်ခန္ဓာ အလေးချိန် ချိန် (Weight)တဲ့ အခါလဲ စကားပြောပါတယ်။ နောက်ဆုံးထိုးသတ် အနိုင်ယူခဲ့တဲ့ ချေဆီမရစ် ( Casey Manrique ) ပွဲအကြောင်းကို ပြောပြယင် မထိုးခင် ၁ရက်အလို ဝိတ်ချိန်တဲ့ နေ့မှာ ချေဆီက 185 Lbs ရှိနေပြီး၊ အောင်လ ကတော့ 184 Lbs (84Kg) သာရှိပါတယ်၊ အစား မစား၊ ရေမသောက်ပဲ ဝိတ်လျော့ထားလို့ပါ။ တကယ်ထိုးမဲ့ ညမှာတော့ အောင်လ ရဲ့ ဝိတ်ဟာ ပေါင်၂၀၀ နီးပါး ရှိနေပါပြီ။ ဒါတွေဟာ နောက်လ နယူးဂျာဆီ က အတ္တလန်တစ်မြို့က ထရော်ပီကာနာ ကာဆီနို နှင့် ရီဇော့တ် ဟော်တယ်မှာ နိုဝင်ဘာလ ၁၈ရက်နေ့ည ၈နာရီ ဒရူးပူဇွန် နဲ့ ထိုးသတ်မဲ့ မြန်မာ့ စပါးကြီးမြွေ အင်ဆန်အောင်လ ရဲ့ ကြိုးဝိုင်း နောက်ကွယ်က ပြင်ဆင်ထားမှု တွေကို ရှုမြင်ကြရတာပါ။


မြန်မာလက်ဝှေ့ ဝါသနာရှင်တွေကို ပြောလိုက်ချင်တာ ကတော့ သူ မသင်လိုက်ရတဲ့ မြန်မာ့လက်ဝှေ့နဲ့ ဒီ ကြေးစားလောကနဲ့လည်း သင်လျော်မဲ့ အနေအထားတွေ ရှိပါကြောင်း ပြောကြားရင်း နောက်လ ၁၈ရက်နေ့ ည၈နာရီခွဲ နောက်ပိုင်း သူ့ပွဲစဉ်ကို ကြည့်ရင်း အင်ဆန်အောင်လ အတွက် လက်ဝှေ့ ဝါသနာရှင်များ အားပေး ကြရဦးမည်။





ဒူကဘာ ( အော်ရီဂန် )

No comments:

Post a Comment